Ministry of immigration and population

Write By: dop005 Published In: Project Plan Created Date: 2015-05-16 Hits: 935 Comment: 0

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ တာချီလိတ်ခရိုင်အတွင်းရှိ သန်းခေါင်စာရင်းကော်မတီဝင်များ တာဝန်ရှိသူ များအား တွေ့ဆုံ၍ မေးမြန်းချက်များအား မှန်မှန်ကန်ကန် ဖြေကြားရေးနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေး ရှင်းလင်းမှာကြား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်အတွင်းရှိ သန်းခေါင်စာရင်းကော်မတီဝင်များ၊ အဖွဲ့အစည်းများ အား တွေ့ဆုံ၍ ၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၃ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ် က တာချီလိတ်မြို့၊ ဟုန်တစ်ခန်းမ၌ ကျင်းပရာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီးအောင်သူနှင့် တာဝန်ရှိသူများ၊ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေ အဖွဲ့(UNFPA)မှ ဌာနေကိုယ်စားလှယ် Ms.Janet E.Jackson၊ တာချီလိတ်ခရိုင်အတွင်းရှိ ခရိုင်၊မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ သန်းခေါင်စာရင်းကော်မတီဝင်များ၊ အထောက်အကူပြုအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ ကျောင်းသူကျောင်းသားများ နှင့် သန်းခေါင်စာရင်းအကြောင်း စိတ်ပါဝင်စားသူများ စုစုပေါင်းအင်အား (၇၅၀) ခန့် တက်ရောက်ကြ ပါသည်။
 အစီအစဉ်အရ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အမှာစကား ပြောကြားရာတွင် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေ လိုအပ်သည့် လူဦးရေ ကိန်းဂဏန်းအချက်အလက်များ တိကျမှန်ကန်စွာ ရရှိရေး အတွက် ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ယင်းသို့ကောက်ယူခြင်းမှ ရရှိသည့် အချက်အလက်များကို မူတည်၍ နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ တိကျမှန်ကန်စွာရေးဆွဲနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် သန်းခေါင်စာရင်းဆိုင်ရာမေးခွန်းများအား ပြည်သူများမှန်မှန်ကန်ကန်
 ဖြေကြားကြရန်လိုကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို ၂၀၁၄ ခုနှစ် မတ်လ (၃၀) ရက်မှ ဧပြီလ (၁၀) ရက်အထိ (၁၂) ရက်ကြာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ယူမည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်း ရည်ညွှန်းချိန် အဖြစ် သတ်မှတ်ထားသော ၂၀၁၄ ခုနှစ် မတ်လ(၂၉) ရက် ညသန်းခေါင်ယံအချိန်တွင် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သူအားလုံးကို ကောက်ယူမည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ် တွင် ဗဟိုကော်မရှင်၊ ဗဟိုကော်မတီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု စသည့် သန်းခေါင်စာရင်းကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းကော်မတီဝင် များ၏ ကြီးကြပ်မှုဖြင့် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများက စာရင်းစစ်၊ စာရင်းကောက်များအဖြစ် ဆောင်ရွက်၍တစ်အိမ်တက်ဆင်း ကောက်ယူကြ
 မည် ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်ကြီးသည် ကြီးမား ကျယ်ပြန့်ပြီး ခက်ခဲနက်နဲပါကြောင်း၊ နိုင်ငံအတွက် အလွန်အရေးကြီးသည့် လုပ်ငန်းစဉ်ကြီးဖြစ်သည့် အားလျော်စွာ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းစဉ်များ အပေါ် အားလုံးက သိရှိနားလည်ပြီး အမျိုးသားရေးတာဝန်အဖြစ်ခံယူကာ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြ စေလိုကြောင်း၊ ယခုတက်ရောက်လာကြသူများကလည်း မိမိတို့ သိရှိနားလည်မှုများကို လက်ဆင့်ကမ်း၍ အခြားသူများအား ရှင်းလင်းချပြခြင်းဖြင့် သန်းခေါင်စာရင်းအကြောင်းအားလုံးသိရှိနားလည်ကာ မေးမြန်းမှု များအပေါ် မှန်မှန်ကန်ကန်ဖြေကြားခြင်းဖြင့် ဝိုင်းဝန်းကူညီကြပါရန် တိုက်တွန်းပါကြောင်းဖြင့် ရှင်းလင်း ပြောကြားသည်။ထို့ကြောင့် UNFPA မှ ဌာနေကိုယ်စားလှယ် Ms.Janet E.Jackson သန်းခေါင်စာရင်းအချက် အလက်များ၏ အသုံးဝင်ပုံနှင့် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း များ အောင်မြင်ရေးအတွက် ပံ့ပိုးကူညီ ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
 ယင်းနောက် တက်ရောက်လာကြသူများက မရှင်းလင်းသည့်အချက်များ၊ သိရှိလိုသည်များကို အသီးသီးမေးမြန်းဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
 အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် တာချီလိတ်ခရိုင်အတွင်း ရှိ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ထပ်မံတွေ့ဆုံကာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ လုပ်ငန်း အခက်အခဲများကို ရင်းနှီးပွင့်လင်းစွာ မေးမြန်း၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီးနောက် တာချီလိတ်မြို့နယ်မှ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ သတင်းမီဒီယာများမှ သတင်းထောက်များက သိရှိလို၍ မေးမြန်းချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။
 နေပြည်တော်၊ နိုဝင်ဘာ ၂၉။

 

 

 

Tags:

Related Blogs By Tags

Leave A Comment

Captcha