မြန်မာနိုင်ငံ၏ လူဦးရေသည် ၂၀၅၀ ခုနှစ်တွင် (၆၅)သန်းခန့်ဖြစ်လာမည်။

မြန်မာနိုင်ငံ၏ လူဦးရေသည် ၂၀၅၀ ခုနှစ်တွင် (၆၅)သန်းခန့်ဖြစ်လာမည်။

နေပြည်တော်၊ မတ်လ (၂၄)ရက်

                     အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်သူ့အင်အား ဦးစီးဌာနသည် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအချက်အလက်များကို အခြေခံ၍ လူဦးရေခန့်မှန်းခြင်း သုတသေနစာတမ်းကို ယနေ့ထုတ်ပြန်ကြေညာလိုက်ပါသည်။ အဆိုပါစာတမ်းတွင် ပြည်ထောင်စု၊ မြို့ပြနှင့်ကျေးလက်အဆင့် လူဦးရေကို ၂၀၁၅ ခုနှစ်မှ ၂၀၅၀ ခုနှစ် အထိလည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်ကို ၂၀၁၅ ခုနှစ်မှ ၂၀၃၁ ခုနှစ်အထိ လည်းကောင်း ခန့်မှန်းတွက်ချက်ထားသည်။ မြန်မာနိုင်ငံ၏ လူဦးရေကို လူဦးရေတိုးနှုန်း အနိမ့်၊ အလယ်အလတ်နှင့် အမြင့်စသည့် အဆင့်(၃)ဆင့်ဖြင့် ခန့်မှန်းတွက်ချက်ထားပြီး အလယ် အလတ်အဆင့် ခန့်မှန်းတွက်ချက်မှုအရ မြန်မာနိုင်ငံ၏ လူဦးရေသည် ၂၀၅၀ ခုနှစ်တွင် (၆၅.၀) သန်းခန့်ရှိလာမည်ဖြစ်ကြောင်းသိရပါသည်။

          တိုင်းဒေသကြီး/ပြည်နယ်အလိုက် ၂၀၁၅ ခုနှစ်မှ ၂၀၃၁ ခုနှစ်အတွက် လူဦးရေကို တိုးနှုန်း အလယ်အလတ်အဆင့်ဖြင့် ခန့်မှန်းတွက်ချက်ရာတွင် ရန်ကုန်တိုင်းဒေသကြီးသည် ၂၀၃၁ ခုနှစ်၌ လူဦးရေ (၁၀.၅) သန်းခန့် နှင့် မန္တလေးတိုင်းဒေသကြီးတွင် လူဦးရေ (၇.၂) သန်းခန့် ရှိလာမည်ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး၊ ကယားပြည်နယ် ၊ ကချင်ပြည်နယ်တွင် နေပြည်တော်နှင့် ရှမ်းပြည်နယ်တို့သည် လူဦးရေတိုးပွားမှု မြင့်မားသော ဒေသများဖြစ်လာပြီး ဧရာဝတီတိုင်းဒေသကြီင်္း၊ မကွေးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့သည် လူဦးရေတိုးပွားမှုအနည်းဆုံး ဒေသများဖြစ်လာနိုင်ကြောင်းနှင့် ကျန်တိုင်းဒေသကြီး/ ပြည်နယ်များတွင် လူဦးရေတိုးပွားမှု ပုံမှန်သာရှိမည် ဖြစ်ကြောင်း ခန့်မှန်းရရှိသည်။

          ဤစာတမ်းကိုလေ့လာခြင်းအားဖြင့် အနာဂတ်တွင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်လာမည့် လူဦးရေ အရွယ်အစား၊ ဖွဲ့စည်းပုံနှင့် ကျား/မ အချိုးစသည်တို့ကို သိရှိနိုင်မည်ဖြစ်ပါသည်။ ထို့ပြင် နိုင်ငံတော်အဆင့် မူဝါဒများချမှတ်ခြင်း၊ သယံဇာတနှင့် အရင်းအမြစ်များကို စီမံခန့်ခွဲခြင်း၊ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အခြားဝန်ဆောင်မှုလုပ်ငန်းများနှင့် သုတေသန လုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေနိုင်ပါသည်။ သန်းခေါင်စာရင်း ဆိုင်ရာထုတ်ပြန်မှုများ နှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုသည်များကို ပြည်သူ့အင်အားဦးစီးဌာန ဝက်ဘ်ဆိုဒ် www.dop.gov.mm တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း သတင်းရရှိပါသည်။