
နေပြည်တော်၊၅-၆-၂၀၁၇
၂၀၁၇ ခုနှစ်၊ ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ၂၀၁၇ ခုနှစ်၊ ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပရေးဗဟိုကော်မတီဥက္ကဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်မှ အဖွင့်အမှာစကား ပြောကြားပါသည်။ ဆက်လက်၍ ၂၀၁၇ ခုနှစ်၊ ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ အတွင်းရေးမှူး ပြည်သူ့အင်အားဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီမှ အခမ်းအနားကျင်းပရေး လုပ်ငန်းစီမံချက်အား ရှင်းလင်းတင်ပြပါသည်။ ထို့နောက် ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ UNFPA ကိုယ်စားလှယ်မှ ၂၀၁၇ ခုနှစ်၊ ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ် Family Planning: Empowering People, Developing Nations အား ရှင်းလင်းတင်ပြပါသည်။ ဆပ်ကော်မတီအသီးသီးမှ ဥက္ကဌများက လုပ်ငန်း အစီအစဉ်များအလိုက် လျာထားချက်များကို ဆွေးနွေးတင်ပြပါသည်။ ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသည့် ဌာနဆိုင်ရာအသီးသီးမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြပါသည်။ ထို့နောက် ဗဟိုကော်မတီဥက္ကဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်မှ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပါသည်။




