အိမ်အကြောင်းအရာနှင့် အိမ်အသုံးအဆောင်ပစ္စည်းများစာတမ်းထုတ်ပြန်ခြင်း

အိမ်အကြောင်းအရာနှင့် အိမ်အသုံးအဆောင်ပစ္စည်းများစာတမ်းထုတ်ပြန်ခြင်း

နေပြည်တော်၊ သြဂုတ် ၈ ရက်

ပြည်သူ့အင်အားဦးစီးဌာနသည် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းအစီရင်ခံစာများကို အတွဲလိုက်ထုတ်ပြန်ကြေညာခဲ့ရာ ပထမအဆင့်အနေဖြင့် ရှေ့ပြေး လူဦးရေစာရင်းကို ၂၀၁၄ ခုနှစ် သြဂုတ်လတွင်လည်းကောင်း၊ သန်းခေါင်စာရင်းပင်မ အစီရင်ခံစာများကို ၂၀၁၅ ခုနှစ် မေလတွင်လည်းကောင်း၊ အလုပ်အကိုင်နှင့်လုပ်ငန်း အစီရင်ခံစာကို ၂၀၁၆ ခုနှစ် မတ်လတွင်လည်းကောင်း၊ ကိုးကွယ်သည့်ဘာသာအစီရင်ခံစာကို ၂၀၁၆ ခုနှစ် ဇူလိုင်လတွင်လည်းကောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအချက်အလက်များကိုအခြေခံ၍ အသေးစိတ်် ဆန်းစစ်လေ့လာသည့် သုတေသနစာတမ်း (၁၃) စောင်နှင့် သန်းခေါင်စာရင်းရလဒ်မြေပုံများကို ဆက်လက်ပြုစုလျက်ရှိရာ မွေးဖွားခြင်းနှင့် လက်ထပ်ထိမ်းမြားခြင်း၊ သေဆုံးခြင်း၊ ကိုယ်ဝန်ဆောင် မိခင်သေဆုံးခြင်း၊ ရွှေ့ပြောင်းသွားလာခြင်းနှင့် မြို့ပြထွန်းကားလာခြင်း၊ လူဦးရေပြောင်းလဲခြင်း၊ လူဦးရေခန့်မှန်းခြင်း၊ လုပ်သားအင်အား အကြောင်းအရာနှင့် ပညာရေးအကြောင်းအရာ စာတမ်းများကို ထုတ်ပြန်ကြေညာခဲ့ပြီး ပြည်သူ့အင်အားဦးစီးဌာန၏ ဝက်ဘ်ဆိုဒ် www.dop.gov.mm တွင်လွှင့်တင် ထားပါသည်။
ပြည်သူ့အင်အားဦးစီးဌာနဝက်ဘ်ဆိုဒ်တွင် ယခု ထုတ်ပြန်လွှင့်တင်သည့် အိမ်အကြောင်း အရာနှင့် အိမ်အသုံးအဆောင်ပစ္စည်းများစာတမ်းတွင် ၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်း အရာသန်းခေါင်စာရင်းမှကောက်ယူရရှိသော အချက်အလက်များကိုအသုံးပြု၍ မြန်မာနိုင်ငံရှိ အိမ်ထောင်စုများ၏ နေထိုင်မှုအခြေအနေနှင့် အိမ်၏ဝိသေသလက္ခဏာများကို အဓိကညွှန်ပြနေ သည့် အိမ်အကြောင်းအရာများ၊ နေအိမ်အမျိုးအစားနှင့် နေအိမ်ပိုင်ဆိုင်မှုအခြေအနေ၊ အလင်းရောင်အတွက် အဓိကအသုံးပြုသည့်မီးအမျိုးအစား၊ အစားအစာချက်ပြုတ်စားသောက်ရန် အတွက် အဓိက အသုံးပြုသည့်လောင်စာနှင့် သောက်ရေအတွက် အဓိကအသုံးပြုသည့်ရေအရင်းအမြစ်များ၊ အသုံးပြုသည့်အိမ်သာအမျိုးအစား၊ နေအိမ်များတွင် အမိုး၊ အကာနှင့် အခင်း အတွက် အဓိက အသုံးပြုသည့်ပစ္စည်းများနှင့် အိမ်အသုံးအဆောင်ပစ္စည်းများ ရရှိအသုံးပြုနိုင်မှုအခြေအနေများကို လေ့လာသုံးသပ်တင်ပြထားပါသည်။
အသေးစိတ်လေ့လာတွေ့ရှိချက်များအရ အိမ်ထောင်စုအများစုသည် အိမ်ပိုင်ဆိုင်ကြပြီး သန့်ရှင်းသောသောက်ရေအရင်းအမြစ်များကိုရရှိ၍ သန့်ရှင်းသောယင်လုံအိမ်သာများကို ဆောက်လုပ် သုံးစွဲလျက်ရှိပါသည်။ သန့်ရှင်းသောသောက်ရေအရင်းအမြစ်များရရှိမှုနှုန်းသည် (၆၉.၅) ရာခိုင်နှုန်း ဖြစ်ပြီး သန့်ရှင်းသောယင်လုံအိမ်သာဆောက်လုပ်သုံးစွဲမှုနှုန်းသည် (၇၄.၃) ရာခိုင်နှုန်းဖြစ်ပါသည်။ သို့ရာတွင် ဒေသအလိုက်ဆန်းစစ်လေ့လာရာ၌ နေအိမ်ဆောက်လုပ်ရာတွင်အသုံးပြုသည့်ပစ္စည်းများ နှင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းများ သုံးစွဲနိုင်မှုစသည့် အချို့သော အဓိကညွှန်ကိန်းများတွင် မြို့ပြနှင့် ကျေးလက်ဒေသများအကြား၊ တိုင်းဒေသကြီး/ပြည်နယ်များ အကြား၊ ခရိုင်များအကြား ကွာခြားချက် ကြီးမားကြောင်းတွေ့ရှိရပါသည်။ နေအိမ်အများစုမှာ ၀ါး၊ ဓနိ၊ သက်ကယ်စသည့်နှစ်တိုခံ ပစ္စည်းများဖြင့်ဆောက်လုပ်ထားသဖြင့် ပြုပြင်ထိန်းသိမ်းရန်လိုအပ်ကြောင်း တွေ့ရှိရပါသည်။ အစားအစာချက်ပြုတ်စားသောက်ရန်အတွက် လောင်စာအသုံးပြုမှုတွင် သစ်သားကို အခြေခံသော လောင်စာအမျိုးအစားများဖြစ်သည့် သစ်သား/ထင်း၊ မီးသွေး/လောင်စာတောင့် သုံးစွဲမှုသည် (၈၁) ရာခိုင်နှုန်းကျော်ရှိသဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် ဆိုးကျိုးများဖြစ်ပေါ်စေနိုင်ပါသည်။ ထို့အပြင် ယင်းလောင်စာများသည် ပတ်ဝန်းကျင်ကိုထိခိုက် ညစ်ညမ်းစေနိုင်သောကြောင့် အိမ်အတွင်း လေကောင်းလေသန့်ရရှိမှုနည်းပါးပြီး အိမ်ထောင်စုဝင် များ၏ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း တွေ့ရှိရပါသည်။
ဤစာတမ်းတွင် ပြုစုတင်ပြထားသည့် သတင်းအချက်အလက်များနှင့် အကြံပြုချက်များသည် မူဝါဒရေးဆွဲသူများနှင့် မြန်မာနိုင်ငံ၏ နေထိုင်မှုဘဝအခြေအနေများ တိုးတက်ကောင်းမွန် လာစေရန် ဦးတည်သည့် စီမံကိန်းရေးဆွဲမှုများအတွက် အထောက်အပ့ံဖြစ်နိုင်မည်ဟု မျှော်လင့်မိပါကြောင်းနှင့် ကျန်ရှိသော အသေးစိတ်သုတေသန စာတမ်းများကိုလည်း ပြည်သူ့အင်အား ဦးစီးဌာနမှ ဆက်လက် ထုတ်ပြန်ပေးသွားမည်ဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။