နေပြည်တော်၊ အောက်တိုဘာ ၂၁ ။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး Mr. Harishchandra Ghimire နှင့်အဖွဲ့အား အောက်တိုဘာလ (၂၁) ရက်၊ ယနေ့နံနက် (၁၁) နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး မြန်မာ-နီပေါ နှစ်နိုင်ငံ၏ ကောင်းမွန်သော ဆက်ဆံရေးသည် ရှေးယခင်ကပင် ဖြစ်တည်ခဲ့မှုအခြေအနေ၊ နှစ်နိုင်ငံကိုးကွယ်သည့်ဘာသာနှင့် ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးတမ်းများ တူညီစွာရှိနေမှုနှင့် အပြန်အလှန်ကူးလူးဆက်သွယ်သွားလာမှုအခြေအနေ၊ နီပေါနိုင်ငံရှိ လုမ္ဗိနီဥယျာဉ်ရှိရာဒေသ၌ အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း ဖွင့်လှစ်ထားမှုနှင့် မြန်မာလေကြောင်းလိုင်းများ တိုက်ရိုက်ပျံသန်းပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေ၊ မြန်မာနိုင်ငံရှိ နီပေါနိုင်ငံသားများ၏ ပြည်ဝင်ဗီဇာကိစ္စရပ်များနှင့် နေခွင့်သက်တမ်း တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ အဆင်ပြေစေရေးအတွက် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ရေး အခြေအနေ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာဖြင့် အပြန်အလှန်သွားလာနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများအား အကျိုးတူပူးပေါင်း ဆောင်ရွက်နိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။