ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲတက်ရောက်

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲတက်ရောက်

နေပြည်တော်၊ နိုဝင်ဘာ ၁၈ ။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို နိုဝင်ဘာလ (၁၈) ရက် ယနေ့နံနက် (၉) နာရီတွင် လားရှိုးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဌ ဦးညီနပ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌ ဦးမြင့်ဆွေ၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဥက္ကဌ ဦးတာသိန်းဇော်၊ ရှမ်းပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲဥက္ကဌ ဦးမျိုးအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်သူများအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို ခေတ်အဆက်ဆက် ကြိုးပမ်းဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ ယခင်က မိုးပွင့်စီမံချက်၊ သစ္စာစီမံချက်များဖြင့် နိုင်ငံတစ်ဝန်း နိုင်ငံသားကတ်ထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးခဲ့ရာ ယခုနိုင်ငံတော်အစိုးရ တာဝန်ယူစဉ်ကာလတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို စီမံချက်ရေးဆွဲ ဆောင်ရွက်ခဲ့ပါကြောင်း၊ ပန်းခင်းစီမံချက်သည် နောင်ကျင်းပမည့်ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်း ၎င်းတို့၏နိုင်ငံသားဖြစ်မှု အရည်အချင်းအရ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေး ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မဲပေးပိုင်ခွင့်ရှိသူ (၃.၄) သန်းကျော်ကို လုပ်ငန်းကာ (၁၈) လတာ သတ်မှတ်ကာလဆောင်ရွက်ခဲ့ရာ ပြီးခဲ့သည့်နိုဝင်ဘာ (၃) ရက်တွင် စီမံချက်ကာလပြည့်ပြီးဖြစ်သော်လည်း နယ်မြေဒေသလုံခြုံရေး အခြေအနေအရလည်းကောင်း၊ ထပ်မံ၍ အသက် (၁၈) နှစ်ပြည့်ပြီးသူများရှိလာ ၍လည်းကောင်း၊ နိုင်ငံသားကတ်ထုတ်ပေးရန်ကျန်ရှိနေသူများအတွက် ပန်းခင်းစီမံချက် အဆင့် (၂) ဆက်လက်ဆောင်ရွက်ပေးနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင်လည်း “ဝ” အထူးဒေသမှလွဲ၍ ကျန်မြို့နယ်များတွင် သတ်မှတ်လျာထားချက် ပြည့်မီအောင် ဆောင်ရွက်ပြီးဖြစ်ရာ ဆောင်ရွက်ရန်ကျန်ရှိသည့် “ဝ” အထူးဒေသကို မကြာမီကာလတွင် ပန်းခင်းစီမံချက် အဆင့် (၂) ဖြင့် ကွင်းဆင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ယခုရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မြို့နယ် (၉) မြို့နယ်၌ ထပ်မံဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်တို့ကို ကာယကံရှင်ပြည်သူများလက်ဝယ်သို့ ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားသည် နိုင်ငံသား တစ်ဦးအတွက် နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိနိုင်သည့် အထောက်အထားတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံသားကတ်သည် နိုင်ငံသား တစ်ဦးအတွက် လူမှုဘဝဆောင်ရွက်မှုတိုင်း၌ မရှိမဖြစ်လိုအပ်ပြီး ၎င်း၏အသုံးဝင်တန်ဖိုးကို သိရှိနားလည်ကာ စနစ်တကျကိုင်တွယ် ထိန်းသိမ်းကျရန်လိုအပ်ပါကြောင်း၊ နိုင်ငံသားကတ်ရရှိသည့် နိုင်ငံသားတစ်ဦးအနေဖြင့်လည်း နိုင်ငံသားတစ်ယောက်၏တာဝန်ကို ကျေပွန်စွာ ထမ်းဆောင် ကြရန်နှင့် မိမိတို့ ရပ်ရွာ/မြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်တပ်တစ်အား ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်း ပြောကြားသည်။

ယင်းနောက် ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ပြည်ထောင်စုဝန်ကြီး၊ တိုင်းမှူး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသဥက္ကဌများနှင့် တာဝန်ရှိသူများက မြို့နယ်အလိုက် ဒေသခံ တိုင်းရင်းသားကိုယ်စားလှယ်များထံ အသီးသီးပေးအပ်ကြသည်။

ထို့နောက် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးခြင်းနှင့်စပ်လျဉ်း၍ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်ပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းမှူးတို့သည် တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကြကာ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပန်းခင်းစီမံချက်လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

အဆိုပါအခမ်းအနားတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ပန်းခင်းစီမံချက်ဖြင့် လားရှိး၊ သိန္ဒီ၊ ကွမ်းလုံ၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ တန့်ယန်း၊ မိုင်းရယ်နှင့် ကွတ်ခိုင်စသည့်မြို့နယ် (၉) မြို့နယ်ရှိ ဒေသခံတိုင်းရင်းသားများအား အိမ်ထောင်စုလူဦးရေစာရင်း (၃၀) နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားစုစုပေါင်း (၁၃၆၂) ကတ်တို့ကို ဆောင်ရွက်ထုတ်ပေးနိုင်ခဲ့ပါသည်။