နေပြည်တော်၊ ဒီဇင်ဘာ ၂ ။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော်လျက်ရှိသည့် ပန်းခင်း (၂) စီမံချက်ဆောင်ရွက်မှုနှင့် လူဦးရေစာရင်း မှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၂ ရက်၊ ယနေ့ နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် နိုင်ငံအတွင်း မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း ၎င်းတို့၏ နိုင်ငံသားဖြစ်တည်မှုအရ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲ ပေးနိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပန်းခင်းစီမံချက်ကို နိုင်ငံတော်စီမံချက်အဖြစ် သတ်မှတ်ကာလ ၂၀၂၁ ခုနှစ်၊ မေလ (၃) ရက် မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်အထိ (၁၈) လတာ ကာလအတွင်း လူဦးရေ (၃.၄) သန်းကျော်ကို နိုင်ငံသားကတ်ပြားထုတ်ပေးရန် လျာထားသတ်မှတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းကာလအတွင်း နယ်မြေဒေသအခြေအနေအရ ကွင်းဆင်းဆောင်ရွက်ပေးရန် အခက်အခဲရှိသည့် “ဝ” အထူးဒေသအတွင်းရှိ မြို့နယ်များအပါအဝင် မြို့နယ်အချို့တွင်သာ လျာထားချက်ပြည့်မီရန် အနည်းငယ်ကျန်ရှိနေပြီး စုစုပေါင်းလျာထားချက်၏ (၉၅) ရာခိုင်နှုန်းကျော် ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ လျာထားချက်ပြည့်မီရန် ကျန်ရှိသည့်မြို့နယ်များ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် အားလုံး၌ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက် အထိအသက် (၁၈) နှစ်ပြည့် လာမည့်သူများအတွက် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေး ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၁) ရက်မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်အထိ ပန်းခင်းစီမံချက်အဆင့် (၂) အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းပန်းခင်း (၂) စီမံချက်သည်လည်း နိုင်ငံတော်အဆင့် စီမံချက်တစ်ခုဖြစ်ပြီး ယင်းကာလအတွင်း လူဦးရေ (၁.၇) သန်းကျော်ကို နိုင်ငံသားကတ်ပြား ထုတ်ပေးပြီးစီးရန် လျာထားဆောင်ရွက်လျက်ရှိရာ ယခုအခါ “ဝ” အထူးဒေသအတွင်း နိုင်ငံသားကတ်စိစစ်ထုတ်ပေးခြင်းလုပ်ငန်းကို ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့ပြင်မိမိတို့ဌာန၏ မြို့နယ်ရုံးအသီးသီးရှိ နိုင်ငံသားကတ်ပြားထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် (နိုင်-၄) နှင့် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ ၆၆/၆)ပါ အချက်အလက်များအား e-ID software အတွင်း ဖြည့်သွင်းကာ ရုံးချုပ် server သို့ ပေးပို့စိစစ်၍ နိုင်ငံသားကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း အပိုကိုင်ဆောင်မှုအတွက် ပြင်ဆင်၊ ပယ်ဖျက်၊ အတည်ပြုဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်ကို လည်းပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက် နောက်ဆုံးထားဆောင်ရွက်ရန် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် မိဘပြည်သူများသို့ အသိပေးကြေညာချက် ထုတ်ပြန်ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ သတ်မှတ်ကာလအတွင်း နိုင်ငံသားကတ်အပိုရယူကိုင်ဆောင်ထားပြီး သက်ဆိုင်ရာ မြို့နယ်လဝကရုံး သို့ ဆက်သွယ်အကြောင်းကြား ဆောင်ရွက်မှုမရှိသူများ၏ နိုင်ငံသားကတ်နံပါတ်များကိုလည်း ယခုအခါ ပယ်ဖျက်ပြီးဖြစ်ပါကြောင်း၊ ထို့ပြင် e-ID software ဖြင့် ထည့်သွင်းပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းသည် လက်ရှိမြေပြင်တွင်ရှိသည့် အိမ်ထောင်စုအလိုက် လူဦးရေစာရင်း နှင့် ကိုက်ညီရန် လိုအပ်သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ မိမိတို့ဌာနမှ ဦးဆောင်၍ ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ကာ လူဦးရေစာရင်း မှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်း ကောက်ယူရေးလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်ဆောင်ရွက်နိုင်ရန် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)/ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု (working group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းကာ ယင်းလုပ်ငန်းစဉ်၏ အဓိကဆောင်ရွက်ရမည့် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (working group) ဖြင့် တိုက်ဆိုင်စိစစ်ကောက်ယူ ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ကောက်ယူရရှိလာသည့် အချက်အလက်များအား သက်ဆိုင်ရာ မြို့နယ်လဝကရုံးများရှိ e-ID software ဖြင့် ချိတ်ဆက်အတည်ပြုခြင်းနှင့် အချက်အလက် မှားယွင်းမှုများအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်ခြင်း၊ နိုင်ငံသား အရည်အချင်းနှင့်ပြည့်စုံပြီး နိုင်ငံသားကတ် မရှိသေးသူများအတွက် ပန်းခင်း (၂) စီမံချက်ဖြင့် ချိတ်ဆက်ဆောင်ရွက်ခြင်းတို့ကို အဆင့်ဆင့် ဆက်လက်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ သို့မှသာ မြေပြင်လူဦးရေစာရင်းအမှန်ကို တိတိကျကျ ရရှိနိုင်မည်ဖြစ်ပြီး တစ်အိမ်တက်ဆင်း မထပ်မကျန် ကောက်ယူရရှိနိုင်ရေး အလေးဂရုပြုဆောင်ရွက်ကြရန်လိုကြောင်း၊ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ကော်မတီအဆင့်ဆင့်၏ လုပ်ငန်းတာဝန်များ၊ မြေပြင်ကွင်းဆင်းကောက်ယူမည့်အဖွဲ့များ၏ လုပ်ငန်းတာဝန်များ၊ ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ဒေသအာဏာပိုင်များမှ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို တာဝန်ရှိသူများက အသေးစိတ် ဆွေးနွေးတင်ပြကြမည်ဖြစ်၍ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများအနေဖြင့် အလေးအနက်ထား မှတ်သားလိုက်နာ ဆောင်ရွက်ကြရန်၊ မရှင်းလင်းသည့် အချက်များအား ပြန်လည်မေးမြန်းဆွေးနွေးကြရန်နှင့် ဆောင်ရွက်ရမည့်လုပ်ငန်းအခြေအနေများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များသို့ ထပ်ဆင့်ရှင်းလင်းတင်ပြဆောင်ရွက်ကြရန်လိုကြောင်း၊ ယခုလုပ်ငန်းစဉ်များသည် လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်ကာ အချိန်တိုအတွင်း အပြီးဆောင်ရွက်ရမည့်လုပ်ငန်းများဖြစ်ပြီး နိုင်ငံတော်၏အနာဂတ်အတွက် မဖြစ်မနေဆောင်ရွက်ရမည့်လုပ်ငန်းများ ဖြစ်သည်နှင့်အညီ သတ်မှတ်ကာလအတွင်း အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် စစ်ဆင်ရေးတစ်ရပ်သဖွယ် အလေးထားကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါ ကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။
ထို့နောက် အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်းက လူဦးရေစာရင်းမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး (working group) အဆင့်ဆင့်ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များကိုလည်းကောင်း၊ ပြည်သူ့အင်အားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်စိုးက မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးဆိုင်ရာ (working group) သင်တန်းစီမံချက်များ ကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်တို့က သင်တန်းများဖွင့်လှစ်ပို့ချရေး၊ လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ၊ တွေ့ကြုံနိုင်သည့် အခက်အခဲများအပေါ် ဖြေရှင်းဆောင်ရွက်ရမည့် နည်းလမ်းဆိုင်ရာများကို ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများက တိုင်းဒေသကြီး/ပြည်နယ်အလိုက် ပန်းခင်းစီမံချက်အဆင့် (၁) နှင့် အဆင့် (၂) ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များ၊ လူဦးရေစာရင်း မှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်းကောက်ယူရေး (working group) အဖွဲ့များ၏ သင်တန်းဖွင့်လှစ်နိုင်ရေးနှင့် ဖွဲ့စည်းဆောင်ရွက်သွားမည့်အစီအစဉ်များ၊ မဲစာရင်းမှန်ကန်ရေးအတွက် ဆက်စပ်ဌာနများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်နေမှုနှင့် လုပ်ငန်းလိုအပ်ချက်များကို အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ပြည်ထောင်စုဝန်ကြီးက ယခုလုပ်ငန်းစဉ်များသည် နိုင်ငံတော်စီမံချက်များဖြစ်ပြီး အားလုံးကတက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်းလိုက်ပါသည်။