ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရခိုင်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များအားတွေ့ဆုံ၊ လုပ်ငန်းစဉ် တစ်ရပ်လုံးအား မှန်ကန်သည့် လူဦးရေစာရင်းများထုတ်ပြန်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြရန်တိုက်တွန်း

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရခိုင်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များအားတွေ့ဆုံ၊ လုပ်ငန်းစဉ် တစ်ရပ်လုံးအား မှန်ကန်သည့် လူဦးရေစာရင်းများထုတ်ပြန်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြရန်တိုက်တွန်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၇။

မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဌနှင့် ရခိုင်ပြည်နယ်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ တွေ့ဆုံပွဲကို ဖေဖော်ဝါရီလ (၆) ရက်၊ မွန်းလွဲ (၂) နာရီတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ဧည့်ဂေဟာ အစည်းအဝေးခန်းမ၌ ကျင်းပရာအခမ်းအနားသို့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရခိုင်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်ဝင်းနှင့် ပြည်နယ်ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစီအစဉ်အရ ရခိုင်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီ တွဲဘက်အတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်မျိုးက ရခိုင်ပြည်နယ်အတွင်း မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေး လုပ်ငန်းဆောင်ရွက်ခဲ့မှုနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်သွားမည့်အစီအစဉ်များ၊ ကောက်ယူရရှိသည့် လူဦးရေအချက်အလက် များအား e-ID Software ဖြင့် ချိတ်ဆက်၍ ပြင်ဆင်ဖြည့်စွက်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး ရခိုင်ပြည်နယ်ကြီးကြပ်မှု ကော်မတီဥက္ကဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်အတွင်း မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူမှုလုပ်ငန်း အောင်မြင်ရေးအတွက် စီမံဆောင်ရွက်မှုနှင့် ကောက်ယူရန်ကျန်ရှိသည့်ဒေသများတွင် ကွက်ပြည့်နင်းကာ ဆက်လက်ကောက်ယူဆောင်ရွက်မည့် အခြေအနေများ၊ ကွင်းဆင်း ကောက်ယူမှုလုပ်ငန်းများ အောင်မြင်ပြီးမြောက်အောင် ကြိုးပမ်းဆောင်ရွက်သွားမည့်အခြေအနေများကို ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

ထို့နောက် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၏ အရေးအကြီးဆုံးလုပ်ငန်းစဉ်အား အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်မှာ လွတ်လပ်ပြီးတရားမျှတသော အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင်ဖြစ်ပါကြောင်း၊ ယင်းသို့ ရွေးကောက်ပွဲ ကျင်းပနိုင်ရန်မှာ တိကျမှန်ကန်သော လူဦးရေစာရင်းအပေါ်အခြေခံကာ မှန်ကန်သည့် မဲဆန္ဒရှင်စာရင်းပြုစုနိုင်ရေးပင်ဖြစ်ပါကြောင်း ယခုမြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်းသည် တိကျသော လူဦးရေစာရင်းများရရှိပြီး ယင်းစာရင်းအချက်အလက်များအရ မှန်ကန်သော မဲစာရင်းများပြုစု၍ လွတ်လပ်ပြီးတရားမျှတသော အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန်ပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေစာရင်းအချက်အလက်များကို ဇန်နဝါရီလ (၉) ရက် မှ (၃၁) ရက်အထိ ရုံးပိတ်ရက်များမပါ ရက်ပေါင်း (၂၀) ကြာ မြေပြင်ကွင်းဆင်း တစ်အိမ်တက်ဆင်း ကောက်ယူခဲ့ခြင်းဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းဆောင်ရွက်ရန် ရုံးချုပ်ရှိ e-ID Software ဖြင့်ထုတ်ယူ၍ တစ်နိုင်ငံလုံး၌ ကောက်ယူရန်လျာထားသည့် အိမ်ထောင်စုများအနက် (၈၆.၇) ရာခိုင်နှုန်းကောက်ယူနိုင်ခဲ့ပြီး၊ ရခိုင်ပြည်နယ်အနေဖြင့် (၉၉.၂၅) ရာခိုင်နှုန်း ကောက်ယူ ပြီးစီးခဲ့သည်ကိုတွေ့ရှိရပါကြောင်း၊ သို့သော် ရခိုင်ပြည်နယ်အတွင်း အခြားဒေသမှ အိမ်ထောင်စုစာရင်းသာရှိသူများ၊ လက်ရှိအိမ်ထောင်စုစာရင်း မရှိသူများအား အလွတ်ပုံစံများဖြင့် ကောက်ယူခဲ့သည့် အိမ်ထောင်စုပေါင်း (၁.၄) သိန်းကျော်ကိုလည်း ကောက်ယူနိုင်ခဲ့ပါကြောင်း၊ မြေပြင်ကွင်းဆင်း ကောက်ယူရာတွင်လည်း  အခက်အခဲအနည်းငယ်သာ ကြုံတွေ့ခဲ့ရပါကြောင်း၊ အခက်အခဲအမျိုးမျိုးကြားမှ ရည်မှန်းချက်ပြီးမြောက်အောင်မြင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ကြီးကြပ်ရေးကော်မတီ အဆင့်ဆင့်နှင့် ပါဝင်ကူညီဆောင်ရွက်ပေးကြသူ အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း၊ ယင်းအိမ်ထောင်စု လူဦးရေစာရင်းအချက်အလက်များကိုလည်း e-ID Software ဖြင့် ချိတ်ဆက်ကာ အချက်အလက် ပြင်ဆင်၊ ဖြည့်စွက်အတည်ပြု ဆောင်ရွက်သည့်လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်နေကြသကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် ကောက်ယူရန်ကျန်ရှိနေသည့် အိမ်ထောင်စု များကို ကွက်ပြည့်နင်းကောက်ယူနိုင်ရန် နည်းမျိုးစုံအသုံးပြု ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ သို့မှသာ မှန်ကန်သောလူဦးရေအချက်အလက် များရရှိပြီး တိကျမှန်ကန်သော ဆန္ဒမဲ‌ပေးပိုင်ခွင့်ရှိသူ မဲစာရင်းပြုစုနိုင်မည်ဖြစ်ပြီး နိုင်ငံတော်၏အနာဂတ်အတွက် လွတ်လပ်ပြီး တရားမျှတသည့် အထွေထွေရွေးကောက်ပွဲကို ကျင်းပနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးလုပ်ငန်းအား မှန်ကန်သည့် လူဦးရေစာရင်းများ ထုတ်ပြန်နိုင်သည်အထိ အားလုံးတက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသည့် ရခိုင်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းစဉ်အားလုံး ပြီးမြောက်အောင်မြင်ရေးအတွက် ဌာနအလိုက် ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များ၊ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး လုပ်ငန်းစဉ်ကြီး တစ်ရပ်လုံး ပြီးဆုံးအောင်မြင်ရေးအတွက် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေး နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ပါသည်။