ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရခိုင်ပြည်နယ် စစ်တွေမြို့၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံး များမှ ဝန်ထမ်းများအား တွေ့ဆုံ၊ ဌာန၏လုပ်ငန်း များသည် နိုင်ငံတော်လုံခြုံရေးနှင့် သက်ဆိုင်သည့်အတွက် ဂရုတစိုက် အလေးထားဆောင်ရွက်ရန်တိုက်တွန်း

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရခိုင်ပြည်နယ် စစ်တွေမြို့၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံး များမှ ဝန်ထမ်းများအား တွေ့ဆုံ၊ ဌာန၏လုပ်ငန်း များသည် နိုင်ငံတော်လုံခြုံရေးနှင့် သက်ဆိုင်သည့်အတွက် ဂရုတစိုက် အလေးထားဆောင်ရွက်ရန်တိုက်တွန်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီလ ၁၀ ရက်၊ မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအားတွေ့ဆုံရာ ရှေးဦးစွာ ရခိုင်ပြည်နယ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးအောင်မျိုးက ပြည်နယ်အတွင်း ဌာန၏ရည်မှန်းချက်တာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ပန်းခင်းစီမံချက်နှင့် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ကောက်ယူရရှိသည့် အိမ်ထောင်စုစာရင်းများနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်နေမှုအခြေအနေများ၊ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ်အနေဖြင့် ပန်းခင်းစီမံချက် အဆင့် (၁) ကို ရာနှုန်းပြည့် ပြီးစီးအောင်မြင်အောင် ဆောင်ရွက်နိုင်သကဲ့သို့ အဆင့် (၂) ကိုလည်း ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ပြင် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးလုပ်ငန်းအရ ရရှိလာသည့် အိမ်ထောင်စုအချက်အလက်များကို e-ID software ဖြင့် ချိတ်ဆက်ကာ အချက်အလက်ပြင်ဆင်ဖြည့်စွက်၊ အတည်ပြုခြင်းလုပ်ငန်းကိုလည်း ယခုလအတွင်း ပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ လျှပ်စစ်မီးနှင့် အင်တာနက်အခက်အခဲရှိသည့် မြို့နယ်များ၏ အိမ်ထောင်စုစာရင်း အချက်အလက်များအား ပြည်နယ်ဦးစီးမှူးရုံး၌စုစည်းကာ သတ်မှတ်ကာလအတွင်း စိစစ်အတည်ပြုနိုင်ရေးအတွက် ပြည်နယ်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီသို့ တင်ပြဆောင်ရွက်ရန်လိုကြောင်း၊ ယင်းစာရင်းအချက်အလက်များ ဖြည့်သွင်းအတည်ပြုပြီးမှသာ မှန်ကန်သည့် လူဦးရေစာရင်းကို ထုတ်ပြန်နိုင်မည်ဖြစ်သည့်အတွက် အားလုံးကအလေးထားကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံသားစိစစ်ရေး လုပ်ငန်းဆောင်ရွက်ရာတွင်လည်း မှတ်တမ်းမှတ်ရာများ စနစ်တကျတိုက်ဆိုင်ကာ ဥပဒေနှင့်အညီ ရသင့်သည့်သူများအား ကြန့်ကြာမှုမရှိစေရေးအတွက် စိစစ်ဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ မရသင့်သည့်သူများအား မှားယွင်းထုတ်ပေးခြင်း မရှိစေရေးအတွက် အဆင့်ဆင့်စိစစ်ကြီးကြပ်ဆောင်ရွက် ကြရန်လိုကြောင်း၊ တိုက်ပွဲရှောင်စခန်းများ၌ ရောက်ရှိနေထိုင်သူများ၏ နိုင်ငံသားကတ်ပြားစိစစ်ထုတ်ပေးခြင်း လုပ်ငန်းများကိုလည်း မြို့နယ်ရုံးအချင်းချင်း ချိတ်ဆက်ရန် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ညှိနှိုင်းကာ ထိထိရောက်ရောက် ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကိုလည်း စီမံချက်ပါအတိုင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူရန် ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်အနေဖြင့် ဆောင်ရွက်ရမည့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကိုလည်း သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားကြရန်လိုကြောင်း၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန်လိုကြောင်း၊ မိမိတို့ ဝန်ကြီးဌာန၏လုပ်ငန်းများသည် နိုင်ငံတော်လုံခြုံရေးနှင့် သက်ဆိုင်သည့်အတွက် ဂရုတစိုက်အလေးထား ဆောင်ရွက်ကြရန် လိုကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်း အမှာစကားပြောကြားပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးခဲ့ပါသည်။