
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်းကာက်ယူခြင်း၊ စာရင်းပြုစုခြင်း၊ ဆန်းစစ်ခြင်းနှင့် အစီရင်ခံစာထုတ်ပြန်ခြင်းစသည့် လုပ်ငန်းစဉ် (၄) ရပ် ချမှတ်ဆောင်ရွက် လျက်ရှိပြီး ယခုအခါ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ သန်းခေါင်စာရင်းကောက်ယူရာတွင် အသုံးပြုမည့် မေးခွန်းပုံစံပြုစုရေးအတွက် အချက်အလက်အသုံးပြုသူများ၏ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) MICC(2) ၌ ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မိမိတို့ဝန်ကြီးဌာနအနေဖြင့် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင် စာရင်းအချက်အလက်များအပေါ် အခြေခံကာ စာရင်းဇယားများပြုစု၍ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ် အဆင့်ထိ အစီရင်ခံစာများ၊ အကြောင်း အရာအလိုက် လေ့လာဆန်းစစ်ထားသည့် အသေးစိတ်သုတေသနစာတမ်းများ၊ မူဝါဒဆိုင်ရာ အကြံပြုချက်များ ထုတ်ပြန်ပေးနိုင်ခဲ့ပြီး ဖြစ်သကဲ့သို့ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းက ရရှိလာသည့်အချက်အလက်များကိုလည်း စာရင်းဇယားများပြုစုပြီး အစီရင်ခံစာများ ထုတ်ပြန်ပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆောင်ရွက်မည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် သန်းခေါင်စာရင်းရည်ညွှန်းချိန်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၃၀) ရက် ညသန်းခေါင်ယံအချိန်ကို သတ်မှတ်ထားပြီး ရည်ညွှန်းချိန်၏ နောက်တစ်နေ့ဖြစ်သည့် ၂၀၂၄ ခုနှစ် အောက်တိုဘာ (၁) ရက်မှ (၁၅) ရက်အထိ (၁၅) ရက်ကြာ ကောက်ယူသွားမည်ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူရာတွင် ခေတ်မီ၍ အချိန်ကုန်သက်သာစေမည့် ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်းကောက်ယူသည့်စနစ် (Computer Assisted Personal Interviews-CAPI) ကိုအသုံးပြုပြီး စာရင်းကောက် များက မိမိတာဝန်ကျရာ ကောက်ကွက်အတွင်း အိမ်တိုင်ရာရောက်တစ်အိမ်တက်ဆင်း Mobile Tablet များဖြင့် ကောက်ယူသွားမည်ဖြစ်ပါကြောင်း၊ ယင်းနည်းလမ်းကို ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းတွင်လည်းအသုံးပြုခဲ့ရာ လုပ်ငန်းပမာဏနှင့်အချိန်ကို သိသာစွာလျှော့ချနိုင်ခဲ့ကြောင်းကို တွေ့ရှိရပါသည်။
သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ကောက်ယူရမည်ဖြစ်သည့်အတွက် သန်းခေါင်စာရင်းမေးခွန်း များသည် ကျစ်ကျစ်လျစ်လျစ် ဖြစ်ရန်လိုအပ်ပြီး မေးခွန်းပုံစံပြုစုရာတွင် လိုက်နာဆောင်ရွက်ရမည့် ကမ္ဘာ့ကုလသမဂ္ဂက ထုတ်ဝေထားသည့် Principles and Recommendation for Population and Housing Census-Revision 3 နှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တက်ရောက် လာသူများအနေဖြင့် မေးခွန်းအကြောင်းအရာများကို ဆွေးနွေးရာတွင် နိုင်ငံအတွင်းရှိ အချက်အလက် အသုံးပြုမည့် ဌာန/အဖွဲ့အစည်းများ၏ လိုအပ်ချက်၊ နိုင်ငံတာကာနှင့် နှိုင်းယှဉ်မှုတို့ကို ဦးစားပေးအစီစဉ်အလိုက် ထည့်သွင်းဆောင်ရွက်ရမည်ဖြစ်ပြီး မေးခွန်းအရေအတွက် ဖောင်းပွမှုမရှိစေရေး အလေးထား ဆောင်ရွက်ကြစေလိုပါကြောင်း၊ အိမ်ထောင်စုတစ်စုစာရင်း ကောက်ယူရန်ကြာချိန်၊ သန်းခေါင်စာရင်းကောက်ယူရမည့် ကာလကန့်သတ်ချက်၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ ဘာသာစကားအခက်အခဲ၊ မြေပြင်အနေအထားနှင့် အခြားမမျှော်မှန်းနိုင်သည့် အခြေအနေများကိုပါ ထည့်သွင်းစဉ်းစားကြရန် လိုအပ်ပါ ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ယင်းနောက် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ယဉ်ဦးက အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း၏ရည်ရွယ်ချက်နှင့် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးချုပ် ဒေါက်တာခိုင်ခိုင်စိုးက သန်းခေါင်စာရင်း မေးခွန်းပုံစံပါ Indicator များနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြပြီး ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများက သန်းခေါင်စာရင်းကောက်ယူရေး အတွက်ပြုစုထားသည့် မေးခွန်းပုံစံများကို အပိုင်းလိုက်ခွဲ၍ ရှင်းလင်းတင်ပြခဲ့ကြပါသည်။
မွန်းလွဲပိုင်းတွင် တက်ရောက်လာကြသည့် ဆက်စပ်ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက သန်းခေါင်စာရင်း ကောက်ယူရာတွင် ထည့်သွင်းအသုံးပြုမည့် မေးခွန်းပုံစံများနှင့်ပတ်သက်၍ အဖွဲ့များခွဲကာ လိုအပ်ချက်များ၊ အကြံပြုသုံးသပ်ချက်များဖြင့် ရှင်းလင်းဆွေးနွေးကြပြီး ပြည်သူ့ အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။