
နေပြည်တော်၊ မတ် ၁၀ ။
မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်လျှောက်ထားသူများနှင့်ပတ်သက်၍ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည် ဖော်ရေးဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများအား လူတွေ့မေးမြန်းအကဲဖြတ်ခြင်းကို မတ်လ (၁၀) ရက်၊ ယနေ့မွန်းလွဲ (၁) နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာန အသီးသီးမှ ဗဟိုကော်မတီဝင်များနှင့် ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ၊ လူတွေ့မေးမြန်းအကဲဖြတ်ခံကြမည့် နိုင်ငံခြားသားများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် လူတွေ့မေးမြန်းအကဲဖြတ်ခြင်းမဆောင်ရွက်မီ ဗဟိုကော်မတီဝင်များအား တွေ့ဆုံကာ မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် (Permanent Residence System-PR System) ကျင့်သုံးနိုင်ရေးအတွက်ဆောင်ရွက် ခဲ့သည့် လုပ်ငန်းအခြေအနေများနှင့် ကော်မတီအဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်မှုအခြေအနေ၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့် (PR) ကို နည်းဥပဒေထုတ်ပြန် ပြဋ္ဌာန်း၍အမျိုးအစား (၄) မျိုး သတ်မှတ်ခွင့်ပြုဆောင်ရွက်ပေးမှု၊ ပြဋ္ဌာန်းထားသည့် နည်းဥပဒေအား ပြင်ဆင်သည့်နည်းဥပဒေကို ထုတ်ပြန်နိုင်ခဲ့သည့် အတွက် PR လျှောက်ထားရာတွင် ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများ၌ပါ လျှောက်ထားနိုင်မှုအခြေအနေ၊ စတင်ဆောင်ရွက်ချိန်မှ လက်ရှိအခြေအနေအထိ PR လျှောက်ထားသူများအား စိစစ်ခွင့်ပြုပေးမှု၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် လူတွေ့မေးမြန်း အကဲဖြတ်ရန် ကျန်ရှိနေသူများအပါအဝင် ယခုလူတွေ့မေးမြန်းအကဲဖြတ်ဆောင်ရွက်မည့်သူများအား PR နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်မေးမြန်းအကဲဖြတ်နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးက နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားသူများအား လူတွေ့မေးမြန်းအကဲဖြတ် ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနှင့် ဗဟိုကော်မတီဝင်များသည် ဗဟိုကော်မတီမှစိစစ်အတည်ပြုပြီးသည့် နိုင်ငံခြားသားအမြဲနေထိုင် ခွင့်လျှောက်ထားသူများအား တစ်ဦးချင်းတွေ့ဆုံကာ ၎င်းတို့၏ကိုယ်ရေးအချက်အလက်များမှ သိရှိလိုသည်များ၊ ပြဋ္ဌာန်းထားသည့် PR နည်းဥပဒေအပေါ် သိရှိနားလည်လိုက်နာဆောင်ရွက်ရေးနှင့် တည်ဆဲဥပဒေများနှင့်အညီ နေထိုင်နိုင်ရေးအခြေအနေများကို မေးမြန်းဆွေးနွေးကြပြီး အကဲဖြတ်အတည်ပြု ဆုံးဖြတ်ကြသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် (PR System) ဖြင့် ကျွမ်းကျင်ပညာရှင်၊ ရင်းနှီးမြှုပ်နှံလိုသည့်စီးပွားရေးလုပ်ငန်းရှင်၊ အခြားနိုင်ငံသား ခံယူထားသည့် မြန်မာနိုင်ငံသားဟောင်း၊ မြန်မာနိုင်ငံသားနှင့်သွေးချင်းစပ်ဆက်သူ နိုင်ငံခြားသားဟူ၍ အမျိုးအစား (၄) မျိုး သတ်မှတ်ခွင့်ပြုပေးလျက်ရှိရာ စတင်ဆောင်ရွက်သည့် ၂၀၁၅ ခုနှစ်မှ ယခုအထိမိသားစုအပါအဝင် လျှောက်ထားသူ စုစုပေါင်း (၇၄၆) ဦးရှိပြီး မိသားစုအပါအဝင် (၆၇၀) ဦးအား အတည်ပြုခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်းနှင့် လျှောက်ထားသူများအနက် PR နည်းဥပဒေအရ ငြင်းပယ်ခဲ့သူ (၇) ဦး၊ လျှောက်ထားခြင်းကို ပြန်လည်ရုပ်သိမ်းသူ (၁) ဦး၊ သေဆုံးသူ (၁) ဦးရှိကြောင်းသိရသည်။
ကိုဗစ်-၁၉ ဖြစ်ပွားချိန်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် လူတွေ့မေးမြန်းအကဲဖြတ်ရန် ကျန်ရှိသူ (၃၇) ဦးနှင့် မိသားစုဝင် (၁၀) ဦး၊ ပြီးခဲ့သည့် ဗဟို ကော်မတီအစည်းအဝေးမှ စိစစ်ခွင့်ပြုသူ (၁၇) ဦးနှင့် မိသားစုဝင် (၁) ဦးရှိရာ ယခုအစည်းအဝေးတွင် ယခင်ကျန်ရှိသူ (၃၇) ဦးနှင့် နောက်ဆုံးစိစစ်ပြီးသူ (၁၇) ဦး၊ စုစုပေါင်း (၅၄) ဦးအနက် လူတွေ့စစ်ဆေးခြင်းခံယူရန် အကြောင်းပြန်ကြားသူ (၂၁) ဦးအား လူတွေ့မေးမြန်းအကဲဖြတ်ဆောင်ရွက်ခဲ့ကြပြီး အတည်ပြု ပြီးပါကအထက်အဆင့်ဆင့်သို့တင်ပြကာ အတည်ပြုခွင့်ပြုသူများအား နေထိုင်ခွင့်လက်မှတ်နှင့် ကတ်ပြားများထုတ်ပေးနိုင်ရေးအတွက် ဌာန၏လုပ်ငန်းစဉ် များအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းစဉ်အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်နိုင်ရေး နိဂုံးချုပ် အမှာစကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ပါသည်။