ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ဗဟိုသန်းခေါင်စာရင်းကော်မတီ၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်။

ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ဗဟိုသန်းခေါင်စာရင်းကော်မတီ၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်။

နေပြည်တော်၊ မတ် ၂၉ ။

၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်အဆင့် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးအတွက် ဗဟိုသန်းခေါင်စာရင်းကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ (၂၉) ရက် ယနေ့မွန်းလွဲ (၁) နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ဗဟိုသန်းခေါင် စာရင်းကော်မတီဥက္ကဋ္ဌ၊ လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ ကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်နှင့် ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

အစီအစဉ်အရ ရှေးဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်က အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုအခြေအနေကို လူမှုစီးပွားဆိုင်ရာ စာရင်းအင်းအချက်အလက်များအား ဆန်းစစ်ခြင်းဖြင့် သိရှိနိုင်ခြင်းကြောင့် စာရင်းအင်းဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များ တိကျမှန်ကန်စွာရရှိရေးသည် အလွန်အရေးကြီးပါကြောင်း၊ လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို သန်းခေါင်စာရင်း ကောက်ယူခြင်းမှသာရရှိနိုင်ပြီး ယင်းအချက်အလက်များအပေါ် အခြေခံ၍ နိုင်ငံတစ်နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များကိုကဏ္ဍ အလိုက် အချိုးညီညီဖွံ့ဖြိုးတိုးတက်ရန် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများရေးဆွဲအကောင်အထည်ဖော်ခြင်းစသည့် လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုဆောင်ရွက်ရပါကြောင်း၊ သန်းခေါင်စာရင်း၏ ထူးခြားသည့်ဝိသေသလက္ခဏာတစ်ခုမှာ အုပ်ချုပ်မှုဧရိယာ အသေးငယ်ဆုံးအဆင့်ထိအချက် အလက်များကို ပံ့ပိုးပေးနိုင်ခြင်းဖြစ်ပါကြောင်း၊ ရှေးမြန်မာမင်းများလက်ထက် ၁၈၇၂ ခုနှစ်မှစ၍ လွတ်လပ်ရေးမရမီအထိ သန်းခေါင်စာရင်း (၈) ကြိမ် ကောက်ယူခဲ့ပြီး လွတ်လပ်ရေးရပြီးနောက်ပိုင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်း (၃) ကြိမ် ကောက်ယူခဲ့ ပါကြောင်း၊ ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် နှစ်ပေါင်း (၃၀) ကျော်ကြာ သန်းခေါင် စာရင်းကောက်ယူနိုင်ခြင်းမရှိဘဲ ၂၀၁၄ ခုနှစ်ရောက်မှသာ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အောင်မြင်စွာ ကောက်ယူနိုင်ခဲ့ရာ နိုင်ငံတော် အတွက်လိုအပ်နေသည့် စာရင်းအင်းဆိုင်ရာအချက်အလက်များစွာ ရရှိခဲ့ပါကြောင်း၊ လူဦးရေသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် လုပ်ငန်း ပမာဏကြီးမားကျယ်ပြန့်ပြီး ကုန်ကျစရိတ်များပြားခြင်းကြောင့် ကမ္ဘာ့နိုင်ငံအများစုတွင် (၁၀) နှစ်လျှင်တစ်ကြိမ်သာကောက်ယူလေ့ရှိကြကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူပြီးနောက် (၁၀) နှစ်အကြာဖြစ်သည့် ၂၀၂၄ ခုနှစ်တွင် နောက်တစ်ကြိမ်သန်းခေါင်စာရင်း ကောက်ယူရန် အချိန်ကျရောက်ပြီဖြစ်သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ခွင့်ပြုချက်ဖြင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်မှစ၍ ဆောင်ရွက်နေပြီဖြစ်ပြီး သန်းခေါင်စာရင်းလုပ်ငန်းစဉ်တစ်ခုလုံးအနေဖြင့် စုစုပေါင်း (၅၄) လခန့် ကြာမြင့်မည်ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်ကို မိမိတို့ဝန်ကြီးဌာနမှဦးဆောင်၍ အခြားသောဆက်စပ်ဝန်ကြီးဌာန၊ အဖွဲ့အစည်း များပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်ကိုဖွဲ့စည်းခဲ့ပြီး ကော်မရှင်၏လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန် ဗဟိုသန်းခေါင်စာရင်းကော်မတီကိုလည်း ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေနှင့်အညီကော်မတီ အဆင့်ဆင့်ဖြစ်သည့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအဆင့်အထိ သန်းခေါင်စာရင်းကော်မတီများကိုလည်း ဆက်လက်ဖွဲ့စည်းနိုင်ရေး ယခုအစည်းအဝေးတွင် ဝိုင်းဝန်းဆွေးနွေးပေးကြရန်နှင့် လုပ်ငန်းများအောင်မြင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် ကော်မတီအတွင်းရေးမှူး၊ ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ယဉ်ဦး က ဗဟိုသန်းခေါင်စာရင်းကော်မတီ ဖွဲ့စည်းရေးနှင့် သန်းခေါင်စာရင်း ကြိုတင် ပြင်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ကော်မတီဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအောင်မြင် ရေးအတွက် ဌာနအလိုက်ပံ့ပိုး ကူညီဆောင်ရွက်ပေးမည့် အစီအစဉ်များ၊ ကော်မတီအဆင့်ဆင့်တွင် ဌာနအလိုက်ပါဝင်ဖွဲ့စည်းဆောင်ရွက်မည့်အခြေအနေ များ၊ လုပ်ငန်းလိုအပ်ချက်များကို အသီးသီးရှင်းလင်းတင်ပြကြရာ ဗဟိုသန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်က လိုအပ်သည် များညှိနှိုင်းဆောင်ရွက်ပေးပြီး နိုင်ငံတော်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်သည်နှင့်အညီ အားလုံးကဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးနိုင် ရေး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။