
နေပြည်တော်၊ မတ် ၈ ။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက် အရေးကြီးဆုံး လုပ်ငန်းစဉ်ကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန် အဓိက ကျသည့် တိကျမှန်ကန်သော မဲဆန္ဒရှင်စာရင်းပြုစုနိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေစာရင်းတိကျမှန်ကန်ရေး မြေပြင်တစ်အိမ် တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်ရာ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃) ကို မတ်လ (၈) ရက်၊ ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကြီးကြပ်မှုဗဟိုကော်မတီဝင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ကြီးကြပ်မှုဗဟိုကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး ကြီးကြပ်မှုဗဟိုကော်မတီဝင် တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များနှင့် ကော်မတီဝင်ကိုယ်စားလှယ်များက သက်ဆိုင်ရာနယ်မြေများမှ ဗီဒီယိုကွန်ဖရန့်ဖြင့် တက်ရောက်ကြသည်။
အစီအစဉ်အရ ရှေးဦးစွာမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကား ပြောကြားရာတွင် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရာတွင် အဓိကကျသည့် မဲစာရင်းမှန်ကန်စေရေး အတွက် တိကျမှန်ကန်သော လူဦးရေစာရင်းရရှိစေရန် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ အဆင့်ဆင့်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူခဲ့ရာတွင် ကောက်ယူရရှိခဲ့သော အိမ်ထောင်စုစာရင်းများမှ လူတစ်ဦးချင်းစီ၏ အချက်အလက်များကို အချိန်မီ စိစစ်ပြင်ဆင်ဖြည့်စွက်နိုင်ရေးနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများကို ဆက်လက်ဆောင်ရွက် နိုင်ရေးအတွက် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်က မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကိုကျင်းပကာ ညှိနှိုင်းဆွေးနွေးခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များအရ မြေပြင်ကွင်းဆင်း စတင်ကောက်ယူသည့် ဇန်နဝါရီလ (၉) ရက်မှ ဖေဖော်ဝါရီလ (၂၆) ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လက်ရှိအိမ်ထောင်စုစာရင်းအား e-ID Software ဖြင့်ထုတ်ယူထားသည့် အိမ်ထောင်စု စာရင်းနှင့် တိုက်ဆိုင်စစ်ဆေး ကောက်ယူခဲ့သည့် အိမ်ထောင်စု (၁၁.၈) သန်းကျော်၊ လက်ရှိဒေသ၌ အိမ်ထောင်စုစာရင်းမရှိသဖြင့် အလွတ်ပုံစံများဖြင့် ကောက်ယူခဲ့သည့် အိမ်ထောင်စု (၂.၈) သန်းကျော်၊ စုစုပေါင်း အိမ်ထောင်စု (၁၄.၆) သန်းကျော် ကောက်ယူနိုင်ခဲ့ပြီး ရာခိုင်နှုန်း အားဖြင့် (၈၆.၇၃) ရာခိုင်နှုန်းကောက်ယူပြီးစီးပြီဖြစ်ပါကြောင်း၊ မသန်စွမ်း (၅) မျိုး လူဦးရေစာရင်းကောက်ယူရာတွင် မသန်စွမ်းလူဦးရေ (၂) သိန်းကျော်စာရင်းကိုလည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ခရိုင်ဦးစီးမှူးရုံးများသို့ လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပါကြောင်း၊ လုံခြုံရေးအခြေအနေ အရ သတ်မှတ်ကာလအတွင်း ဆောင်ရွက်ရန်ကျန်ရှိသည့် နယ်မြေဒေသများ ကိုလည်း ယခုအခါ မြေပြင်ကွင်းဆင်း ဆောင်ရွက်မှုကို အခက်အခဲများကြားမှ ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြသည့် ကော်မတီအဆင့်ဆင့်နှင့် လုံခြုံရေးအဖွဲ့အစည်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအဖွဲ့များအား ကျေးဇူးတင် ရှိပါကြောင်းကိုလည်း ပြောကြားလိုပါကြောင်း၊ ကောက်ယူပြီးစီးခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းများကိုလည်း ရုံးလက်ခံအိမ်ထောင်စု၊ နိုင်-၄ မှတ်တမ်း နှင့် အခြားအထောက်အထားများဖြင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ စိစစ်အတည်ပြုခြင်းများပြုလုပ်ပြီး e-ID Server အတွင်း ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ မှတ်ချက်ရေးသွင်းခြင်းများကို သက်ဆိုင်ရာဒေသ အာဏာပိုင်အဖွဲ့အစည်းများက လိုအပ်ချက်များကို ဖြည့်ဆည်းပေးကာ အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်နေကြသည်ကိုလည်း တွေ့ရှိရပါကြောင်းနှင့် ယင်းလုပ်ငန်းစဉ်ကိုလည်း သတ်မှတ်ကာလအတွင်း အမြန်ဆုံးပြီးစီးနိုင်ရေးအတွက် တာဝန်ရှိသူ အဆင့်ဆင့်က ကြီးကြပ်ကြပ်မတ်ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ အလားတူ လာမည့်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ရရှိစေရေးအတွက် ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ပေးလျက်ရှိရာ ယခုဆောင်ရွက်လျက် ရှိသည့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းများတွင် နိုင်ငံသားကတ်မရှိသူများ၊ အိမ်ထောင်စုစာရင်းပုံစံအလွတ်ဖြင့် ကောက်ယူထားသည့် ယာယီနေထိုင်သူများအနက် အသက် (၁၆) နှစ်နှင့် အထက်ရှိသူများမှ နိုင်ငံသားကတ်အပါအဝင် ကိုင်ဆောင်ကတ်ပြားမရှိသေးသူ များကို သက်ဆိုင်ရာ လဝကမြို့နယ်ဦးစီးမှူးရုံးများတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးထုတ်ပေးခြင်းကို ဆက်လက်ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ ယခင်အစည်းအဝေးတွင် မဲပေးရန်အသက်ပြည့်မီသည့် မဲပေးပိုင်ခွင့်ရှိသူ လူဦးရေစာရင်းအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ၂၀၂၃ ခုနှစ်၊ မတ်လအတွင်း ပေးပို့ရန်လျာထား ခဲ့သော်လည်း နယ်မြေဒေသ အခြေအနေအရ မပြီးပြတ်သေး သည့် လုပ်ငန်းများနှင့် စာရင်းဇယားများ စိစစ်ဖြည့်သွင်းဆောင်ရွက်ရန် ကျန်ရှိနေသည့်အတွက် လုပ်ငန်းဆိုင်ရာအခက်အခဲများရှိပါကလည်း ဆွေးနွေးပေးကြစေလိုပါကြောင်း၊ အကြောင်းအမျိုးမျိုး ကြောင့် သတ်မှတ်ကာလအတွင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရန် ကျန်ရှိနေသည့် နယ်မြေဒေသများကိုလည်း ရနိုင်သမျှသော နည်းလမ်းမျိုးစုံအသုံးပြု၍ အကြားအလပ်မရှိအောင် ဆက်လက်ကောက်ယူဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သို့မှသာ တိကျမှန်ကန်သော လူဦးရေ စာရင်းကို ရရှိမည်ဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသူစာရင်းကို မှန်မှန်ကန်ကန်ပြုစုနိုင်မည်ဖြစ်ပါကြောင်း၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဆင့်ဆင့်၏ လုပ်ငန်းတာဝန်များ သည် ရွေးကောက်ပွဲစတင်ကျင်းပသည့် အချိန်မှသာ ပြီးဆုံးမည်ဖြစ်ရာ ယခုအစည်းအဝေးတွင် ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေ၊ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြစေလိုပါကြောင်း စသည် ဖြင့် တိုက်တွန်းပြောကြားသည်။
ထို့နောက် ကြီးကြပ်မှုဗဟိုကော်မတီဝင်များဖြစ်ကြသည့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များ၊ ကော်မတီဝင်ကိုယ်စားလှယ်များက ပြည်ထောင်စု နယ်မြေ(နေပြည်တော်)နှင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရန် ကျန်ရှိနေသည့်ဒေသများနှင့် ဆက်လက်ကွင်းဆင်းကောက်ယူသွားမည့် အစီအစဉ် များ၊ ကောက်ယူပြီးစာရင်းများအား လဝကမြို့နယ်ဦးစီးမှူးရုံးများတွင် e-ID Software ဖြင့် အချက်အလက်များ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်းလုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများနှင့် ဗဟိုကော်မတီမှ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို လည်းကောင်း၊ တက်ရောက်လာကြသည့် ကြီးကြပ်မှုဗဟိုကော်မတီဝင် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက လုပ်ငန်းများအချိန်မီပြီးစီးရေးအတွက် ဌာနအလိုက်ညှိနှိုင်းပူးပေါင်း ဆောင်ရွက် သွားမည့် အစီအစဉ်များကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ထို့နောက် ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိုင်ငံတော်၏အနာဂတ်အတွက် အရေးကြီး သည့် လုပ်ငန်းစဉ်များဖြစ်သည်နှင့်အညီ ဆောင်ရွက်ရန်ကျန်ရှိသည့်လုပ်ငန်းများ အချိန်မီပြီးစီးရေး အားလုံးကတက်ညီလက်ညီဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေး နိဂုံးချုပ်အမှာစကားပြောကြား ကာ အစည်းအဝေးကိုရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။