ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ သန်းခေါင်စာရင်းယူနစ်များ (Census Units) ဖွဲ့စည်းခြင်းလုပ်ငန်း စီမံချက်အား ရှင်းလင်းဆွေးနွေးပွဲ တက်ရောက်၊ လုပ်ငန်းများသတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေး နည်းလမ်းများရှာကြံကာ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် မှာကြား။

ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ သန်းခေါင်စာရင်းယူနစ်များ (Census Units) ဖွဲ့စည်းခြင်းလုပ်ငန်း စီမံချက်အား ရှင်းလင်းဆွေးနွေးပွဲ တက်ရောက်၊ လုပ်ငန်းများသတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေး နည်းလမ်းများရှာကြံကာ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် မှာကြား။

နေပြည်တော်၊ မေ ၂ ။

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း၏ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတွင်ပါဝင်သည့် သန်းခေါင် စာရင်းယူနစ်များ(Census Units) ဖွဲ့စည်း ခြင်းလုပ်ငန်းစီမံချက်အား တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများအား ရှင်းလင်းဆွေးနွေးပွဲကို မေလ (၂) ရက် ယနေ့နံနက် (၁၀) နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများက သက်ဆိုင်ရာဒေသများမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

အစီအစဉ်အရ ရှေးဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်က အမှာစကားပြောကြားရာတွင် ၂၀၂၄ ခုနှစ်တွင် ဆောင်ရွက်မည့် လူဦးရေနှင့်အိမ်အကြောင်း အရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကို လုပ်ငန်းစဉ် (၄) ရပ်ဖြင့် ဆောင်ရွက်မည်ဖြစ်ရာ ကြိုတင် ပြင်ဆင်ခြင်းလုပ်ငန်းများကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်မှစတင်၍ (၅၄) လကြာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သန်းခေါင် စာရင်းရည်ညွှန်းချိန်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့ ညသန်းခေါင်ယံအချိန်ကို သတ်မှတ်ထားပြီး ရည်ညွှန်းချိန်၏ နောက်တစ်နေ့ ဖြစ်သည့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်မှ (၁၅) ရက်အထိ ရက်ပေါင်း (၁၅) ရက် ကောက်ယူသွားမည် ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူ ရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်နှင့် ကော်မတီ အဆင့်ဆင့်ကိုလည်း ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပြီး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကိုလည်း စီမံချက်အတိုင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ ၂၀၂၄ ခုနှစ် ၊ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း၏ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတစ်ခုဖြစ်သည့် GIS နည်းပညာအသုံးပြု၍ မြေပုံရေးဆွဲခြင်းနှင့် စာရင်းကောက်ကွက်များ ဖွဲ့စည်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန် ရပ်ကွက်၊ ကျေးရွာတည်နေရာ Point များကောက်ယူခြင်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် (၈၄)  ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး မြို့နယ်အချို့သာ ဆောင်ရွက်ရန် ကျန်ရှိနေပါကြောင်း၊ ယခုဆက်လက်၍ တိုင်းဒေသကြီး/ပြည်နယ်များတွင် သန်းခေါင်စာရင်း ယူနစ်များ (Census Units) ရေးဆွဲခြင်းလုပ်ငန်းကို စီမံချက်ရေးဆွဲဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခုဆွေးနွေးပွဲတွင် ယင်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ လုပ်ငန်းလိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြရန်လိုကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် ဗဟိုသန်းခေါင်စာရင်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်က ၂၀၂၄ ခုနှစ်တွင် ကောက်ယူမည့် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းသည် နည်းပညာကို အဓိကအသုံးပြုဆောင်ရွက်မည့် အခြေအနေ၊ သန်းခေါင်စာရင်း ယူနစ်များ (CensusUnits) ကွင်းဆင်းရေးဆွဲဆောင်ရွက်ရာတွင် အချက်အလက်လုံခြုံရေးနှင့် ဝန်ထမ်းလုံခြုံရေးကို အလေးထားဆောင်ရွက်နိုင်ရေး အခြေအနေများကိုလည်းကောင်း၊ ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ယဉ်ဦးက မြို့ပြရပ်ကွက်များအတွင်း GIS နည်းပညာဖြင့် သန်းခေါင်စာရင်းယူနစ်များ (Census Units) ဖွဲ့စည်းခြင်းလုပ်ငန်း ဆောင်ရွက်မည့်အခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများက တိုင်းဒေသကြီး/ပြည်နယ်အလိုက် သန်းခေါင်စာရင်းယူနစ်များ ဖွဲ့စည်းဆောင်ရွက်နိုင်ရေးအတွက် ကြီးကြပ်ကွပ်ကဲဆောင်ရွက်သွားမည့်အစီအစဉ်များ၊ လုပ်ငန်းလိုအပ်ချက်များကို အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြကြပြီး တာဝန်ရှိသူများက ဖြည့်စွက် ဆွေးနွေးတင်ပြကြသည်။

 ယင်းနောက် ရှင်းလင်းတင်ပြချက်များအပေါ် ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးပြီး ၂၀၂၃ ခုနှစ် မေလမှ အောက်တိုဘာလအထိ ဆောင်ရွက်မည့်သန်းခေါင်စာရင်းယူနစ်များ ဖွဲ့စည်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများအနေဖြင့် ကွင်းဆင်းရေးဆွဲချိန်တွင် လိုအပ်သောအုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအတွက် အဆင့်ဆင့်ကြီးကြပ်ကွပ်ကဲပေးနိုင်ရေး၊ ခရိုင်/မြို့နယ်များနှင့် မြို့ပြ ရပ်ကွက်များမှ တာဝန်ရှိသူများအား လိုအပ်သောပေါင်းစပ်ညှိနှိုင်းမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများရရှိစေရေး ကြိုတင်စီစဉ် ဆောင်ရွက်ထားရှိရေးနှင့် လုပ်ငန်းများသတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်မြင်ရေးအတွက် နည်းလမ်းများရှာကြံကာ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေး နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းလိုက်ကြပါသည်။