ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်၊ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်ခ်မြို့၌ ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ e-ID စနစ်ဆိုင်ရာ လုပ်ငန်းများဆွေးနွေးခြင်းနှင့် အမျိုးသားအီလက်ထရောနစ် ဗဟိုထိန်းချုပ် ကွပ်ကဲရေးစင်တာသို့ သွားရောက်လေ့လာ။

ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်၊ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်ခ်မြို့၌ ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ e-ID စနစ်ဆိုင်ရာ လုပ်ငန်းများဆွေးနွေးခြင်းနှင့် အမျိုးသားအီလက်ထရောနစ် ဗဟိုထိန်းချုပ် ကွပ်ကဲရေးစင်တာသို့ သွားရောက်လေ့လာ။

နေပြည်တော်၊ မေ ၄ ။

ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီး Lt General Ivan Kubrakob ၏ ဖိတ်ကြားချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်းနှင့် အဖွဲ့သည် မေလ ၁ ရက်၊ ညနေ ၅ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့်ထွက်ခွာခဲ့ရာ မေလ ၂ ရက်၊ ဒေသစံတော်ချိန် ည ၁၁ နာရီ မိနစ် ၂၀ တွင် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်ခ် (Minsk) အမျိုးသားလေဆိပ်သို့ရောက်ရှိကြပြီး ဘယ်လာရုစ်သမ္မတနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ နိုင်ငံသား နှင့်လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဌာနမှူး Colonel Mr.Begun Alexey Yurievich နှင့် တာဝန်ရှိသူများက အဆိုပါလေဆိပ်မှ ကြိုဆိုနှုတ်ဆက်ကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် အဖွဲ့သည် မေလ ၃ ရက်၊ နံနက်ပိုင်းတွင် မင့်စ်ခ် မြို့ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ ဧည့်ခန်းမ၌ ပြည်ထဲရေးဝန်ကြီးဌာန First Deputy Minister Major General Nazarenko Yuryi Gennadievich နှင့်တာဝန်ရှိသူများအားတွေ့ဆုံ၍ ဘယ်လာရုစ်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးနှင့် Biometric နည်းပညာသုံး အမျိုးသားစိစစ်ရေးကတ်စနစ်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေနေများကို အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးကြ၍  အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်ပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား ဘယ်လာရုစ် သမ္မတနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မင့်စ်ခ်မြို့ရှိ အမျိုးသားအီလက်ထရောနစ် ဗဟိုထိန်းချုပ်ကွပ်ကဲရေးစင်တာသို့ သွားရောက်ကြည့်ရှု လေ့လာကြရာ Director Gradusof Roman Anatovich နှင့်တာဝန်ရှိသူများက ဘယ်လာရုစ်နိုင်ငံ၏ e-ID စနစ်အကောင်ထည်ဖော်ဆောင်ရွက် နေမှုအခြေနေများ၊ ဝန်ဆောင်မှုလုပ်ငန်းများတွင် ဒီဂျစ်တယ်စနစ်ဖြင့် ဆောင်ရွက်မှုအခြေအနေများ၊ သတင်းအချက်အလက်စနစ် ပေါ်ပေါက်လာပုံနှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုစနစ်အတွက် လိုအပ်သည့်အရင်းအမြစ်များ၊ အမျိုးသားဒီဂျစ်တယ်ဝန်ဆောင်မှုစနစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ခဲ့မှုနှင့် လက်ရှိအသုံးပြုဆောင်ရွက်နေမှု အခြေအနေများအား Powerpoint ဖြင့် ရှင်းလင်းပြသခဲ့ရာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ လူဝင်မှု ကြီးကြပ်ရေးလုပ်ငန်း ဆောင်ရွက်မှုအခြေနေများနှင့် e-ID စနစ်အကောင်ထည်ဖော်ဆောင်ရွက်နေမှုအခြေနေများအား ဆွေးနွေးပြောကြားကာ သိရှိလို သည်များကို အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြပါသည်။