
နေပြည်တော်၊ ဇွန် ၃၀ ။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်သည် ဖိလစ်ပိုင်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Mr. Eduardo Jose A. De Vega နှင့် အဖွဲ့အား ဇွန်လ (၃၀) ရက်၊ ယနေ့မွန်းလွဲ (၂) နာရီ တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့်အတူ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်း၊ ပြည်သူ့အင်အား ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ယဉ်ဦးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံအကြား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ နှစ်နိုင်ငံပြည်ဝင်ဗီဇာခွင့်ပြုဆောင်ရွက်ပေးမှုနှင့် မြန်မာနိုင်ငံအတွင်း ရောက်ရှိနေသည့် ဖိလစ်ပိုင်နိုင်ငံ သားများ၏ နေခွင့်သက်တမ်းတိုးမြှင့်ဆောင်ရွက်ပေးမှုအခြေအနေ၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများနှင့် လူကုန်ကူးမှုတားဆီး ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းများတွင် ဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှုအခြေအနေ၊ လူကုန်ကူးခံရသူများအတွက် နှစ်နိုင်ငံအပြန်အလှန် ကူညီဆောင်ရွက် ပေးနိုင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။




