
နေပြည်တော်၊ ဇူလိုင် ၁ ။
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဗဟိုကော်မတီအဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အတူ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ၌ကျင်းပသည့် မြေပြင်ကွင်းဆင်းကောက်ယူခဲ့သည့် စာရင်းများအား e-ID Server သို့ထည့်သွင်း၍ အချက်အလက်များ တိုက်ဆိုင်စိစစ် အတည်ပြုနိုင်ရေးနှင့် ပန်းခင်းစီမံချက်အဆင့်(၂) လျာထားချက်ပြည့်မီပြီးစီးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
အစီအစဉ်အရ ရှေးဦးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ် အနက် အရေးအကြီးဆုံး လုပ်ငန်းစဉ်ဖြစ်သည့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန် တိကျမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းပြုစုနိုင်ရေးသည် အရေးကြီးပါကြောင်း၊ မဲစာရင်းမှန်ကန်ရေးအတွက် တိကျမှန်ကန်သော လူဦးရေစာရင်းရရှိစေရန် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီအတွင်းက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ ကောက်ယူရရှိသည့် စာရင်းဇယား၊ အချက်အလက်များကိုလည်း တိုင်းဒေသကြီး/ပြည်နယ်များအလိုက် မှတ်တမ်းများ စုစည်း၍ လဝက မြို့နယ်ရုံးအသီးသီးရှိ ရုံးလက်ခံများနှင့် တိုက်ဆိုင်စိစစ်ပြီး နေပြည်တော် (ရုံးချုပ်) ရှိ e-ID Server အတွင်းရှိ Online မှတစ်ဆင့် ပြင်ဆင်ဖြည့်စွက်အတည်ပြုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးအနေဖြင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူ ရာတွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆) ရက်အထိ e-ID Software ဖြင့် ထုတ်ယူထားသည့် အိမ်ထောင်စုစာရင်းဖြင့်ကောက်ယူမှု (၁.၆) သန်းကျော်၊ အိမ်ထောင်စုစာရင်းမရှိသဖြင့် အလွတ်ပုံစံများဖြင့် ကောက်ယူမှု (၂ သိန်း ၇ သောင်း) ကျော်၊ စုစုပေါင်း အိမ်ထောင်စု (၁.၉) သန်းကျော် ကောက်ယူပြီးစီးခဲ့ရာ သတ်မှတ်ချက် ရာနှုန်းပြည့် ကောက်ယူပြီးစီးပြီဖြစ်ပါကြောင်း၊ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရာတွင် တစ်ပါတည်း ကောက်ယူခဲ့သည့် မသန်စွမ်း (၅) မျိုး လူဦးရေစာရင်းကိုလည်း သက်ဆိုင်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးရုံးများသို့ လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်ကိုလည်း တွေ့ရပါကြောင်း၊ ယခု မြေပြင်ကွင်းဆင်းကောက်ယူပြီးဖြစ်သည့် စာရင်းများကို လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မြို့နယ်ရုံးများရှိ လက်ခံစာရင်းများဖြင့်စိစစ်၍ e-ID Server အတွင်းသို့ တိုက်ဆိုင်စိစစ်ထည့်သွင်းပြီးစီးရေးနှင့် တိကျမှန်ကန်သည့် လူဦးရေ စာရင်းပြုစုနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယင်းစာရင်းများအရ အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသား စိစစ်ရေးကတ်ပြား မရရှိသေးသူများ ပါရှိနေသည့်အတွက် ပန်းခင်းစီမံချက်အရ (၅) ဦးကော်မတီဖြင့်စိစစ်၍ ဥပဒေနှင့်အညီ ရရှိသင့်သော ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးကိုလည်း ဆက်လက်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများကိုလည်း ပန်းခင်းစီမံချက်အဆင့် (၂) ဖြင့် သတ်မှတ်ကာလအတွင်း လျာထားချက် ပြည့်မီပြီးစီးအောင်ဆောင်ရွက်ကြရန်လည်းလိုအပ်ပါကြောင်း၊ ယင်းလုပ်ငန်းများသည် ဆောင်ရွက်ရမည့်အရေအတွက်၊ ပြီးစီးရမည့် အချိန်ကာလ ကန့်သတ်ချက်များရှိသည့်အတွက် လျာထားချက်အတိုင်း အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်းနှင့် လိုအပ်ချက်များကို အချိန်နှင့် တပြေးညီ တင်ပြဆောင်ရွက်ကြရန်လိုကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က မန္တလေးတိုင်းဒေသကြီးအတွင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူမှုနှင့် e-ID Server အတွင်းသို့ အချက်အလက်များ ဖြည့်သွင်းဆောင်ရွက်မှု၊ ပန်းခင်းစီမံချက်အဆင့် (၂) လျာထားချက် ပြည့်မီရေးဆောင်ရွက်မှုလုပ်ငန်းများ အောင်မြင်ရေးအတွက် လိုအပ်ချက်များ ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မင်းက လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များ၊ လုပ်ငန်းလိုအပ်ချက်များတို့ကိုလည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တက်ရောက်လာကြသူများက လုပ်ငန်းဆောင်ရွက်မှုများအပေါ် ဌာနအလိုက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးမှုအခြေအနေများကို လည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ယခုလုပ်ငန်းစဉ်အားလုံးသည် မိမိတို့ဌာနမှ တာဝန်ယူ ဆောင်ရွက်နေသော်လည်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များ၏ ဦးဆောင်ကြီးကြပ်မှု၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ အားလုံး၏ ပံ့ပိုးကူညီပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့် လုပ်ငန်းစဉ်များ အောင်မြင်မှုရရှိနေသဖြင့် အားလုံးကဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်းဖြင့် နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရှိရပါသည်။




