
နေပြည်တော်၊ ဇူလိုင် ၂ ။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်း နှင့် တာဝန်ရှိသူများနှင့်အတူ ဇူလိုင် လ (၂) ရက် ယနေ့နံနက် (၈) နာရီက မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ရှိ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိပြီး လေဆိပ်ရှိ ပြည်ပထွက်ခွာကောင်တာ၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝန်ထမ်းများက ခရီးသည် များအား လူဝင်မှုစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လူဝင်မှုစစ်ဆေးရေးကောင်တာများ၌ စက်များတပ်ဆင်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ လေဆိပ်တာဝန်ခံ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ကြည်က လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်ပဆိုက်ရောက်ကောင်တာများ အခြေအနေကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ Server ခန်း အခြေအနေနှင့် ဆိုက်ရောက်ဗီဇာ (Visa on Arrival- VOA) ခန်း အခြေအနေတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ ခရီးသည်များအား လူဝင်မှုစစ်ဆေးရေးလုပ်ငန်းများ ထိရောက်လျှင်မြန်စွာ ဝန်ဆောင်မှုပေးနိုင်ရေးနှင့် လုံခြုံရေးသတိအမြဲရှိစေရေး အလေးထားဆောင်ရွက်ကြရန်နှင့် လေဆိပ်ရှိ ဆက်စပ်ဌာနများနှင့် အမြဲမပြတ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန် တာဝန်ရှိသူများအားမှာကြားကာ လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မွန်းလွဲ(၁)နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ကချင်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များအား တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ရာ အဆိုပါအခမ်းအနားသို့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှု ဗဟိုကော်မတီဝင်၊ ကချင်ပြည်နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပြီး ခရိုင်နှင့် မြို့နယ်ကြီးကြပ်မှု ကော်မတီဝင်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
အစီအစဉ်အရ ရှေးဦးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် နိုင်ငံအတွင်းရှိ လူဦးရေစာရင်း တိကျမှန်ကန်စွာ ရရှိနိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီနှင့် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်/မြို့နယ် ကြီးကြပ်မှုကော်မတီအဆင့်ဆင့်ဖွဲ့စည်းကာ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group) များဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်မှ (၃၁) ရက် အထိ ရုံးပိတ်ရက်မပါ ရက်ပေါင်း (၂၀) သတ်မှတ်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူဆောင်ရွက် ခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါကောက်ယူရရှိသည့် စာရင်းဇယားအချက်အလက်များကိုလည်း တိုင်းဒေသကြီး/ပြည်နယ်များအလိုက် မှတ်တမ်းများစုစည်း၍ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မြို့နယ်ရုံး အသီးသီးရှိ ရုံးလက်ခံများနှင့် တိုက်ဆိုင်စိစစ်ပြီး နေပြည်တော် (ရုံးချုပ်) ရှိ e-ID Server အတွင်း ထည့်သွင်းကာ အချက်အလက်များကွဲလွဲမှုအပေါ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်၊ အတည်ပြုခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကချင်ပြည်နယ်အနေဖြင့် မြေပြင်ကွင်းဆင်းကောက်ယူရာတွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆) ရက်အထိ e-ID Software ဖြင့်ထုတ်ယူထားသည့် အိမ်ထောင်စုစာရင်းဖြင့် ကောက်ယူမှု (၂ သိန်း ၆ သောင်း) ကျော်၊ အိမ်ထောင်စုစာရင်းမရှိသဖြင့် အလွတ်ပုံစံများ ဖြင့်ကောက်ယူမှု (၇ သောင်း) ကျော်၊ စုစုပေါင်း အိမ်ထောင်စု (၃ သိန်း ၃ သောင်း) ကျော် ကောက်ယူပြီးစီးခဲ့ရာ လျာထားချက်၏ (၇၉.၂၁) ရာခိုင်နှုန်း ကောက်ယူပြီးစီးခဲ့ပါကြောင်း၊ လုံခြုံရေးအခြေအနေအရ ကောက်ယူဆောင်ရွက်ရန် အိမ်ထောင်စု (၆ သောင်း ၈ ထောင်) ကျော် ကျန်ရှိနေသည့်အတွက် ယင်းဒေသများကိုလည်း သတ်မှတ်ကာလအတွင်း ကောက်ယူပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့အပြင် ရရှိသည့်အချက်အလက်များအား e-ID Server သို့ ထည့်သွင်းကာ အချက်အလက်ကွဲလွဲမှုများ ပြင်ဆင်ဖြည့်စွက် အတည်ပြုသည့်လုပ်ငန်းကိုလည်း တစ်ပြိုင်နက်တည်း ပြီးစီးနိုင်ရေးဆောင်ရွက်ရန်လိုကြောင်း၊ ကောက်ယူရရှိသည့်စာရင်းများအရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများပါရှိနေရာ ယင်းတို့အား (၅) ဦး ကော်မတီဖြင့်စိစစ်၍ ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့်ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ ကချင်ပြည်နယ် အတွင်း ပန်းခင်းစီမံချက် အဆင့် (၂) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို သတ်မှတ်ကာလအတွင်း လျာထားချက်ပြည့်မီပြီးစီးရေးအတွက်လည်း အလေးထားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များအားလုံး သတ်မှတ်ကာလအတွင်း ပြီးစီးမှသာ တိကျမှန်ကန်သော လူဦးရေစာရင်းကိုအခြေခံ၍ ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင် စာရင်းပြုစုနိုင်မည်ဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်မည်ဖြစ်ပါကြောင်း၊ သို့မှသာ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပနိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းကို ပြည်လုံးကျွတ်အဆင့် ကောက်ယူနိုင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်အလိုက် စမ်းသပ်သန်းခေါင်စာရင်းကို ယခုနှစ် အောက်တိုဘာလ (၁) ရက်တွင် ကောက်ယူရန်ရှိပါကြောင်းနှင့် e-ID စနစ်လုပ်ငန်း အကောင်အထည်ဖော်ရေးအတွက် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝအချက်အလက် (Biometric) ကောက်ယူရေးလုပ်ငန်းကိုလည်း တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်း စဉ်အားလုံးအောင်မြင်ရေးအတွက် ဒေသအာဏာပိုင်များနှင့် ဌာနဆိုင်ရာအားလုံးက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြစေလိုကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်အတွင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခဲ့မှုနှင့် e-ID Server အတွင်း အချက်အလက်များ ဖြည့်သွင်းဆောင်ရွက်မှု၊ ပန်းခင်းစီမံချက်အဆင့် (၂) လျာထားချက်ပြည့်မီရေး ဆောင်ရွက်မှုလုပ်ငန်းများအတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးမှုနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များက လုပ်ငန်းကဏ္ဍအလိုက် သတ်မှတ်ကာလအတွင်း ပြီးစီးရေး အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် နေမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် လုပ်ငန်းလိုအပ်ချက်များကို အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြချက်များအပေါ် လုပ်ငန်းလိုအပ်ချက်များ ညှိနှိုင်းဆောင်ရွက် ပေးပြီး ယခုလုပ်ငန်းစဉ်များသည် နိုင်ငံတော်၏ အနာဂတ်အတွက် အရေးကြီးသည့် လုပ်ငန်းစဉ်များဖြစ်သည်နှင့်အညီ အားလုံးက တက်ညီလက်ညီဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရေး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရှိရပါသည်။




