
နေပြည်တော်၊ ဇူလိုင် ၁၄ ။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Ramanathan Balakrishnan နှင့်အဖွဲ့အား ဇူလိုင်လ (၁၄) ရက်၊ ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီးများဖြစ်သည့် ဦးဌေးလှိုင်နှင့်ဒေါက်တာမျိုးသန့်၊ ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ယဉ်ဦးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ဝန်ကြီးဌာနနှင့် UNFPA တို့အကြား နှစ်ကာလရှည်ကြာစွာ ပူးပေါင်း ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် လက်ရှိအခြေအနေတွင် ယခင်ကာလများကဲ့သို့ လုပ်ငန်းများပူးပေါင်းဆောင်ရွက်နိုင်ရေးအခြေအနေ၊ ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် လူဦးရေဆိုင်ရာ စာရင်းအင်းအချက်အလက်များနှင့်ပတ်သက်သည့် လုပ်ငန်းများတွင် နည်းပညာနှင့် ဆက်စပ်ပစ္စည်း လိုအပ်ချက်များ ပံ့ပိုးကူညီပေးနိုင်ရေးအခြေအနေ၊ UNFPA အနေဖြင့် မြန်မာနိုင်ငံ၏ လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များတွင် စဉ်ဆက်မပြတ် ပူးပေါင်း ဆောင်ရွက်ခဲ့သည့် အစဉ်အလာကောင်းများကိုထိန်းသိမ်း၍ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။




