ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Noriko Takagi နှင့်အဖွဲ့အားတွေ့ဆုံ၍ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အား အပြုသဘောဆောင်ဆွေးနွေး

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Noriko Takagi နှင့်အဖွဲ့အားတွေ့ဆုံ၍ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အား အပြုသဘောဆောင်ဆွေးနွေး

နေပြည်တော်၊ ဇူလိုင်  ၁၇ ။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် Ms. Noriko Takagi နှင့်အဖွဲ့အား ဇူလိုင်လ (၁၇) ရက်၊ ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အာင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် ဝန်ကြီးဌာနနှင့် UNHCR တို့အကြား (MoU) သက်တမ်းကျော်လွန်မှုအခြေအနေနှင့် ယခုထပ်မံ၍ MoU အသစ် လက်မှတ်ရေးထိုးချုပ်ဆိုနိုင်ရန်အတွက် နှစ်ဦးနှစ်ဖက် စောင့်ထိန်းရမည့်တာဝန်များ၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊ ထပ်မံချုပ်ဆိုမည့် MoU အသစ်တွင် ပြင်ဆင်၊ ဖြည့်စွက်၊ အတည်ပြုနိုင်မည့် အသုံးအနှုန်းများနှင့်ပတ်သက်၍ နှစ်ဖက်ညှိနှိုင်းကာ အမြန်ဆုံးပြုစုပေးနိုင်ရေး အခြေအနေ၊ ယင်းကာလအတွင်း ဌာနေကိုယ်စားလှယ်အပါအဝင် UNHCR မှ နိုင်ငံခြားသားများ၏ ဗီဇာနေခွင့်သက်တမ်းတိုးမြှင့်ပေးနိုင်ရေးအခြေအနေ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အား မြန်မာနိုင်ငံမှ ကြိုးပမ်းဆောင်ရွက်နေမှုများအပေါ် သိရှိနားလည်ပြီး အပြုသဘောဆောင်သည့် ပူးပေါင်းကူညီမှုများ ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ရေး အခြေအနေတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။