
နေပြည်တော်၊ ဇူလိုင် ၂၀ ။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် မဲဆန္ဒရှင်စာရင်း မှန်ကန်ရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် e-ID Server သို့ အချက်အလက်များ ဖြည့်သွင်းပြင်ဆင်ဖြည့်စွက်သည့်လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီး နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ (၂၀) ရက်၊ ယနေ့နံနက် (၉) နာရီခွဲက နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများက သက်ဆိုင်ရာဒေသများမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြ သည်။
အစီအစဉ်အရ ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးဌေးလှိုင်က နောင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် ပန်းခင်းစီမံချက် အဆင့် (၁) နှင့် အဆင့် (၂) ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ မဲဆန္ဒရှင်စာရင်း မှန်ကန်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူ ခဲ့မှုနှင့် ကောက်ယူရရှိခဲ့သောအချက်အလက်များအား မြို့နယ်ရုံးအသီးသီးရှိ လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များနှင့် တိုက်ဆိုင်စိစစ်၍ e-ID Server ရှိ အချက်အလက်များနှင့် တိုက်ဆိုင် ပြင်ဆင်ဖြည့်စွက်အတည်ပြု ဆောင်ရွက်နေမှုအခြေအနေ၊ တိုင်းဒေသကြီး/ပြည်နယ် အသီးသီး၌ e-ID Software ဖြင့် လူတစ်ဦးချင်းစီ၏ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူ ဆောင်ရွက်နေမှုအခြေအနေ၊ ယင်းသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ မြို့နယ်ဦးစီးမှူးရုံးများ၌ ကိုင်ဆောင်ကတ်ပြား ထုတ်ပေးပြီးသူများ၏ ကိုယ်ရေး အချက်အလက်များနှင့် e-ID Server ရှိ အချက်အလက်များကွဲလွဲနေမှု၊ ကွဲလွဲနေသည့်အချက်အလက်များအား စနစ်တကျစိစစ်၍ သတ်မှတ်ကာလ အတွင်း ပြင်ဆင်ဖြည့်စွက်အတည်ပြုဆောင်ရွက်ရန် လိုအပ်မှုအခြေအနေ၊ ယင်းလုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများနှင့်ပတ်သက်၍ ညွှန်ကြားချက်များထုတ်ပြန်ခဲ့မှုအခြေအနေ၊ မြေပြင်တွင်လက်ရှိဖြစ်ပေါ်နေမှုနှင့် ကြုံတွေ့ရသည့် အခက်အခဲများ၊ ဖြေရှင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများနှင့် သတ်မှတ်ကာလအတွင်းပြီးစီးအောင် စီမံဆောင်ရွက်ထားရှိမှုများကို ယခုအစည်းအဝေးတွင် တင်ပြ ဆောင်ရွက်နိုင်ရေးအခြေအနေ၊ ပြည်သူကို ထိရောက်သောဝန်ဆောင်မှုများပေးနိုင်ရေးအတွက် ဝန်ထမ်းအားလုံး ဆက်ဆံရေးပြေပြစ် ကောင်းမွန်ရန်နှင့် မှန်ကန်သောအချက်အလက်များ ဖြစ်စေရေးအတွက် အဆင့်ဆင့်တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ကွပ်ကဲကြပ်မတ်ဆောင်ရွက်နိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းအမှာစကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လက်ရှိလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နေမှု၊ ကိုင်ဆောင်ကတ်ပြားထုတ်ပေးပြီးသူများအား e-ID Server ဖြင့်ဖြည့်သွင်း၍ အချက်အလက်များတိုက်ဆိုင်စိစစ် ပြင်ဆင်ဖြည့်စွက် အတည်ပြုဆောင်ရွက်နေမှု၊ အချက်အလက်မှားယွင်းမှုများအပေါ် မြို့နယ်အလိုက် သတ်မှတ်ကာလအတွင်း အချိန်မီပြင်ဆင် အတည်ပြုနိုင်ရေးအတွက် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်နေမှုနှင့် တွေ့ကြုံရသည့်အခက်အခဲများ၊ ဖြေရှင်းဆောင်ရွက်သွားမည့် နည်းလမ်းများ၊ ပန်းခင်းစီမံချက်နှင့် Biometric ကောက်ယူမှုလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လုပ်ငန်းလိုအပ်ချက်များကို အသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်းက တိုင်းဒေသကြီး/ပြည်နယ်အလိုက် ပန်းခင်းစီမံချက် ဆောင်ရွက်ပြီးစီးမှု၊ မြို့နယ်ရုံးများရှိ ကိုယ်ရေးမှတ်တမ်းများအား e-ID Server သို့ ထည့်သွင်းတိုက်ဆိုင်စိစစ်ပြင်ဆင်ဖြည့်စွက် အတည်ပြုဆောင်ရွက်ရန် ညွှန်ကြားချက်များထုတ်ပြန်ခဲ့မှုနှင့် လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေကိုလည်းကောင်း၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်းက မြို့နယ်ရုံးများရှိ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်ကတ်ပြားထုတ်ပေးမှုများမှ အချက်အလက်များအား e-ID Server သို့ ဖြည့်သွင်းစိစစ်ဆောင်ရွက်နေမှု၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် Biometric ကောက်ယူနေမှုနှင့် ကွဲလွဲသည့်အချက်အလက်များပေါ် ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ထို့နောက် ရှင်းလင်းတင်ပြချက်များနှင့်ပတ်သက်၍ ဒုတိယဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ယခုလုပ်ငန်းစဉ် အားလုံးသည် နိုင်ငံတော်အတွက် အရေးကြီးသည့် လုပ်ငန်းစဉ်များ ဖြစ်သည်နှင့်အညီ အချိန်ကာလသတ်မှတ်ချက်များအတွင်း ပြီးစီးအောင်ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရေး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရှိရပါသည်။




