
နေပြည်တော်၊ စက်တင်ဘာ ၁၅။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံ သံအမတ်ကြီး Mr.Vinay Kumar နှင့် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ ၁၅ ရက်၊ ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ရှိ အိန္ဒိယစင်တာ၌ ကျင်းပသည့် အိန္ဒိယ-မြန်မာကုန်သည်များအသင်းမှလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံအတွင်းရင်းနှီးမြုပ်နှံထားသည့် အိန္ဒိယနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ပွဲသို့ တက်ရောက်သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ရှေးဦးစွာပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံဖြစ်သည်နှင့်အညီ ရှေးယခင်ကပင် နှစ်နိုင်ငံမိတ်ဝတ်မပျက် ချစ်ကြည်ရင်းနှီးစွာ နေထိုင်ခဲ့ကြပါကြောင်း၊ မိမိတို့နိုင်ငံအတွင်းသို့ အိန္ဒိယနိုင်ငံသားများအပါအဝင်နိုင်ငံခြားသားများအား ဥပဒေနှင့်အညီဝင်ရောက်နိုင်ရေးအတွက်လည်း ဗီဇာလျှောက်ထားရယူမှု ပုံစံသုံးမျိုးဖြင့်ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြီးခဲ့သည့် ဩဂုတ်လ (၃၁)ရက်မှစ၍ အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ကမ္ဘာလှည့် ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာ (VOA) ကိုခွင့်ပြုဆောင်ရွက်ပေးနေပြီဖြစ်ပါကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ကဏ္ဍအသီးသီး၌ လာရောက်ရင်းနှီးမြုပ်နှံမှုများ များစွာရှိသည်နှင့်အညီ လာရောက်ရင်းနှီးမြုပ်နှံဆောင်ရွက်လျက်ရှိသည့် အိန္ဒိယနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များ၏ ပြည်ဝင်ဗီဇာနှင့်နေခွင့်ဆိုင်ရာကိစ္စရပ်များ၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများနှင့်ပတ်သတ်၍ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ အဆင်ပြေစွာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အိန္ဒိယနွယ်ဖွားမြန်မာနိုင်ငံသားများကိုလည်း ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နှစ်နိုင်ငံကုန်သွယ်ရေးလုပ်ငန်းများ အပြန်အလှန်ကူးလူးဆက်နွယ်ပူးပေါင်းဆောင်ရွက် လျက်ရှိပြီး နှစ်နိုင်ငံနယ်စပ်ဒေသလူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများကိုလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များနှင့် ပတ်သတ်၍ သိရှိလိုသည်များ၊ တွေ့ကြုံရသည့်အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်း မေးမြန်းဆွေးနွေးကြစေလိုပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြား သည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး Mr.Vinay Kumar က ဝန်ကြီးဌာန၏လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြား ပေးသည့်အတွက်ကျေးဇူးတင်ရှိပါကြောင်းနှင့် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း၊ အိန္ဒိယ-မြန်မာ ကုန်သည်များအသင်း ဉက္ကဌ Mr.Nasesh Kumes Dinodiya က အိန္ဒိယ-မြန်မာကုန်သည်များအသင်း၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ဖြည့်ဆည်းပေးရန်လိုအပ်ချက်များကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားကြသည်။
ယင်းနောက် အိန္ဒိယ - မြန်မာကုန်သည်များအသင်းဥက္ကဌနှင့် တာဝန်ရှိသူများသည် အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်များမှ ကဏ္ဍပေါင်းစုံ၌ ရင်းနှီးမြှုပ်နှံ မှုအခြေအနေ၊ ပြည်ဝင်ဗီဇာနှင့် နေခွင့်ဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် ခွင့်ပြုဆောင်ရွက်မှု၊ Form-C နှင့်ပတ်သက်သည့်လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံသို့အလည်အပါတ်လာရောက်မည့် အိန္ဒိယနိုင်ငံသားများအတွက် ပြည်ဝင်ဗီဇာကိစ္စရပ် များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးက ပြန်လည်ရှင်းလင်းဖြေကြားပြီး အီလစ်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်းက e-ID စနစ်လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အိန္ဒိယ - မြန်မာကုန်သည်များအသင်းဥက္ကဌက ပြည်ထောင်စုဝန်ကြီးအားလည်းကောင်း၊ အသင်းဒုတိယဥက္ကဌက မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးအားလည်းကောင်း အမှတ်တရလက်ဆောင်ပေးအပ်ပြီးနောက် အိန္ဒိယ မြန်မာကုန်သည် များအသင်း ကော်မတီဝင် Dr.Sital Kumar က နိဂုံးချုပ်စကားပြောကြားကာတွေ့ဆုံဆွေးနွေးပွဲကို ရုတ်သိမ်းလိုက်ပါသည်။




