ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်၊ ၂၀၂၃ ခုနှစ် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် စာရင်းကောက်သင်တန်း ဖွင့်ပွဲတက်ရောက်၊ သန်းခေါင်စာရင်းမေးခွန်းပုံစံပါ အကြောင်းအရာများကို သိရှိနားလည်စေရေး လေ့လာကြိုးစားသင်ယူကြရန်မှာကြား။

ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်၊ ၂၀၂၃ ခုနှစ် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် စာရင်းကောက်သင်တန်း ဖွင့်ပွဲတက်ရောက်၊ သန်းခေါင်စာရင်းမေးခွန်းပုံစံပါ အကြောင်းအရာများကို သိရှိနားလည်စေရေး လေ့လာကြိုးစားသင်ယူကြရန်မှာကြား။

နေပြည်တော်၊ စက်တင်ဘာ ၁၈။

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း၏ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်မှုအနေဖြင့် ၂၀၂၃ခုနှစ်၊ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် စာရင်းကောက်သင်တန်း ဖွင့်ပွဲကို စက်တင်ဘာ ၁၈ ရက်၊ ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားသင်တန်းကျောင်း၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများတက်ရောက်ကြသည်။

အစီအစဉ်အရ ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်က အမှာစကားပြောကြားရာတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူရေးလုပ်ငန်းကို မိမိတို့ဝန်ကြီးဌာနမှ ဦးဆောင်၍ ဆက်စပ်ဌာနများဖြင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိအခြေအနေတွင် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည်လည်း တစ်ခု အပါအဝင်ဖြစ်ပါကြောင်း၊ စမ်းသပ်သန်းခေါင်စာရင်းကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်မှ (၁၅) ရက်အထိ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် အားလုံးရှိ မြို့နယ် (၂၀) တွင် ရွေးချယ်သတ်မှတ်ထားသည့် ကောက်ကွက်များ၌ ကောက်ယူသွားမည်ဖြစ်ပါကြောင်း၊ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းသည် ပင်မသန်းခေါင်စာရင်းလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် စမ်းသပ်ဆောင်ရွက်ခြင်းဖြစ်ပြီး သန်းခေါင်စာရင်းမေးခွန်းများအပေါ် ပြည်သူများ၏ နားလည်နိုင်မှု၊ နယ်မြေဒေသအလိုက် ကြုံတွေ့နိုင်သည့်အခက်အခဲများ၊ နည်းပညာလိုအပ်ချက်များကို ကြိုတင်သိရှိနိုင်ရေး ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ သို့မှသာ ပင်မသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုတွေကို အချိန်မီဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း၊ ယခုလက်ရှိတွင် နယ်နိမိတ်တိကျမှန်ကန်သည့် စာရင်းကောက်ကွက်မြေပုံများ ပိုင်းခြားသတ်မှတ်နိုင်ရန် အတွက် လူနေထူထပ်သော မြို့ပြရပ်ကွက်များတွင် သန်းခေါင်စာရင်းယူနစ် (Census unit) များ ရေးဆွဲခြင်းလုပ်ငန်းများကို တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် စမ်းသပ်သန်းခေါင်စာရင်းကို CAPI စနစ်ထည့်သွင်းထားသည့် Mobile Tablet များဖြင့် ကောက်ယူမည်ဖြစ်သည့်အတွက် လိုအပ်သည့် Program များရေးသားခြင်း၊ စနစ်တည်ဆောက်ခြင်းလုပ်ငန်းကို CAPI နည်းပညာဆိုင်ရာ နိုင်ငံတကာအကြံပေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ဝန်ထမ်းများပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခုသင်တန်းတွင် စမ်းသပ်သန်းခေါင်စာရင်း၌ မေးမြန်းကောက်ယူမည့်မေးခွန်းများကို စာတွေ့၊ လက်တွေ့ဆွေးနွေး ပို့ချပေးသွားမည်ဖြစ်သည့်အပြင် နမူနာ ကောက်ကွက်ရွေးချယ်ခြင်းနှင့် စာရင်းကောက်ကွက် မြေပုံများအကြောင်း သိကောင်းစရာများကို ဆွေးနွေးပို့ချသွားမည်ဖြစ်ပါကြောင်း၊ စမ်းသပ်သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် သင်တန်းသား/ သင်တန်းသူများအနေဖြင့် မေးခွန်းပုံစံပါ အကြောင်းအရာများကို သိရှိနားလည်ရန် လိုအပ်သကဲ့သို့ Mobile Tablet ဖြင့် CAPI နည်းပညာအသုံးပြုမှုကိုလည်း လုပ်ဆောင်နိုင်ရန် လေ့လာကြိုးစားသင်ယူကြရန် မှာကြားလိုကြောင်း၊ သန်းခေါင်စာရင်းလုပ်ငန်းသည် နိုင်ငံတော်အတွက် အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် အားလုံးက အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူကာ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။  

အဆိုပါ စာရင်းကောက်သင်တန်းသို့ နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးများမှ သင်တန်းသား/ သင်တန်းသူ ဝန်ထမ်း(၅၃) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တတစ်ပတ်ကြာမြင့်မည် ဖြစ်ပါသည်။