ပြည်ထောင်စုဝန်ကြီး၊ တရုတ်နိုင်ငံ ပြည်သူ့ရေးရာလုံခြုံရေးဝန်ကြီးဌာန၊ နိုင်ငံတကာဆက်ဆံရေးဌာနကြီးမှူးနှင့်လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၊နှစ်နိုင်ငံနယ်စပ်ဒေသ လူဝင်မှုကြီးကြပ် ရေးဆိုင်ရာလုပ်ငန်းများထိရောက်စွာအကောင်အထည်ဖော်နိုင်ရေးဆွေး‌‌နွေး

ပြည်ထောင်စုဝန်ကြီး၊ တရုတ်နိုင်ငံ ပြည်သူ့ရေးရာလုံခြုံရေးဝန်ကြီးဌာန၊ နိုင်ငံတကာဆက်ဆံရေးဌာနကြီးမှူးနှင့်လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၊နှစ်နိုင်ငံနယ်စပ်ဒေသ လူဝင်မှုကြီးကြပ် ရေးဆိုင်ရာလုပ်ငန်းများထိရောက်စွာအကောင်အထည်ဖော်နိုင်ရေးဆွေး‌‌နွေး

နေပြည်တော်၊ စက်တင်ဘာ ၂၂။

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်ရောက်ရှိနေသော လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် ကူမင်းမြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်နှင့်အတူ စက်တင်ဘာလ ၂၁ ရက်၊ နံနက် ၉ နာရီခွဲတွင် ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ Zhong Wei Horizon ဟိုတယ်အစည်းအဝေးခန်းမ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ နိုင်ငံတကာဆက်ဆံရေး ဌာနကြီးမှူး ညွှန်ကြားရေးမှူးချုပ် Mr. Hu Xiaoming၊ ယူနန်ပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးဌာန ဒုတိယဌာနမှူး Mr. Jia Dong နှင့်အဖွဲ့အားလက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် တရုတ်နိုင်ငံဘက်မှ ညွှန်ကြားရေးမှူးချုပ် Mr. Hu Xiaoming နှင့် ဒုတိယဌာနမှူး Mr. Jia Dong တို့က တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုနှင့် နယ်စပ်နေပြည်သူများ အပြန်အလှန်ကူးလူး ဆက်ဆံသွားလာနေမှုအခြေအနေ၊ ယူနန်ပြည်နယ် ရွှေလီ-မူဆယ် ဒေသတွင် ကိုဗစ် - ၁၉ ဖြစ်ပွားမှုကာလအတွင်း ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် နှစ်နိုင်ငံတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့မှုအခြေအနေ၊ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေးနှင့် တရားဝင်ဝင်ထွက်သွားလာနိုင်ရေးအတွက် ယူနန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် မူဆယ်ဘက်မှ လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်နေမှုအခြေအနေ၊ တရုတ်နိုင်ငံ၏ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် စီမံချက်တွင် ယူနန်ပြည်နယ်၏ အရေးပါမှုအခြေအနေ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ပြည်ဝင်/ပြည်ထွက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက် ရေးအတွက် နှစ်ဘက်အပြန်အလှန် သတင်းအချက်အလက်များ မျှဝေနိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မြန်မာ-တရုတ် နှစ်နိုင်ငံအနေဖြင့် ကဏ္ဍပေါင်းစုံ၌ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေ၊ ကိုဗစ်-၁၉ ကာလ နောက်ပိုင်း နှစ်နိုင်ငံနယ်စပ်စစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်နေမှုနှင့် မူဆယ်- ရွှေလီဂိတ်မှ မြန်မာနှင့် တရုတ်နိုင်ငံ သားများအား နိုင်ငံကူးလက်မှတ် (Passport) ဖြင့် ဖြတ်သန်းသွားလာခွင့် ဆောင်ရွက်မည့်အခြေအနေ၊ မြန်မာ-တရုတ်နယ်စပ်စစ်ဆေး ရေးဂိတ်များအား နှစ်နိုင်ငံပြည်သူများ စိတ်အေးချမ်းသာစွာ ကူးလူးဖြတ်သန်း၍ စီးပွားရေး၊ လူမှုရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် နယ်စပ် ဒေသလုံခြုံရေးနှင့် တရားမဝင် ဝင်ထွက်မှုမရှိစေရေး၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် အွန်လိုင်းဖြင့် လောင်းကစားမှုများ မရှိစေရေးအတွက် အလေး ဂရုပြုဆောင်ရွက်နိုင်ရေးအခြေအနေ၊ မြန်မာနိုင်ငံနှင့်နယ်နိမိတ် ရှည်လျားစွာထိစပ်နေသည့် ယူနန်ပြည်နယ်နှင့်ပူးပေါင်းကာ နှစ်နိုင်ငံနယ်စပ်ဒေသ လူဝင် မှုကြီးကြပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ပိုမိုထိရောက်စွာ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးပြောကြားကာ အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်၍ စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ခဲ့ကြကြောင်း သိရှိရပါသည်။