နေပြည်တော်၊ အောက်တိုဘာ ၆ ။
National Database စနစ်တည်ဆောက်ရေး ဦးဆောင်ကော်မတီ ပထမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရှိအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ National Database စနစ်တည်ဆောက်ရေး ဦးဆောင် ကော်မတီဉက္ကဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီ ဉက္ကဌ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာမှတာဝန် ရှိသူများ၊ အသင်းအဖွဲ့များမှ ဉက္ကဌများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့်တက်ရောက်ကြသည်။
ဦးစွာ National Database စနစ်တည်ဆောက်ရေး ဦးဆောင်ကော်မတီဉက္ကဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့ကမ္ဘာပေါ်တွင် လူဦးရေ သန်း ၈၀၀၀ ခန့်ရှိပြီး စစ်တမ်းများအရ သက်သေခံကတ်မရှိသူ လူဦးရေ သန်း ၁၀၀၀ ခန့်၊ သက်သေခံကတ်ရှိပြီး ဒစ်ဂျစ်တယ် သက်သေခံကတ်မရှိသူ သန်း ၃၄၀၀ ခန့်၊ ဒစ်ဂျစ်တယ် သက်သေခံကတ်ရှိသူ လူဦးရေ သန်း ၃၆၀၀ ခန့် ရှိကြောင်း ကိုတွေ့ရှိရကြောင်း။
ကမ္ဘာ့နိုင်ငံများအနက် ဒစ်ဂျစ်တယ် သက်သေခံကတ် သုံးစွဲနိုင်မှုအနေဖြင့် ဒစ်ဂျစ်တယ် သက်သေခံကတ်စနစ်နှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်သည့် နိုင်ငံ ၄၆ နိုင်ငံ၊ ဒစ်ဂျစ်တယ် သက်သေခံကတ်စနစ်သုံးစွဲပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ မဆောင်ရွက်နိုင်သည့် နိုင်ငံ ၁၁၉ နိုင်ငံ ၊ ဒစ်ဂျစ်တယ် သက်သေခံကတ်စနစ် မဆောင်ရွက်နိုင်သည့်နိုင်ငံ ၃၃ နိုင်ငံရှိသည်ကို လေ့လာတွေ့ရှိရကြောင်း။
မိမိတို့နိုင်ငံတွင်လည်း Digital စနစ်ကိုကူးပြောင်းပြီး e-Government စနစ်ပိုမိုအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် National Database စနစ်တည်ဆောက်ရေး ဦးဆောင်ကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၂ ခုနှစ် မေလ၂၂ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၈၇ / ၂၀၂၂ ဖြင့်ဖွဲ့စည်းခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁၅၉ / ၂၀၂၃ ဖြင့် ပြင်ဆင် ဖွဲ့စည်းခဲ့ကြောင်း။
National Database စနစ်တည်ဆောက်ရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းတာဝန်များသည် e-ID စနစ်အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် မူဝါဒများချမှတ်ခြင်း၊ လမ်းညွှန်ခြင်းနှင့် ကြီးကြပ်ခြင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများ တစ်ခုနှင့်တစ်ခုချိတ်ဆက်ဆောင်ရွက် အကောင်အထည်ဖော်ရန် ကြီးကြပ်လမ်းညွှန်ခြင်း၊ e-ID စနစ်အတွက် လိုအပ်သည့်နည်းလမ်းရရှိရန်အတွက် G to G ရရှိနိုင်ရေး ကူညီဆောင်ရွက်ခြင်း၊ နိုင်ငံတော်လုံခြုံရေးအရ ပြည်ပကုမ္ပဏီ၊ အဖွဲ့အစည်းများ၊ အစိုးရများမှ တိုက်ရိုက်ဝင်ရောက် လုပ်ဆောင်မှုများဖြစ်ပေါ်ခြင်း မရှိစေရန်ကြီးကြပ်ခြင်း၊ နည်းပညာကျွမ်းကျင်သည့် လူ့စွမ်းအားအရင်းအမြစ်ရရှိရေး ဖြည့်တင်းဆောင်ရွက်ပေးခြင်းတို့ပင်ဖြစ်ကြောင်း။
e-Government စနစ်၏ အခြေခံအကျဆုံးဖြစ်သည့် e-ID စနစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနကို တာဝန်ခံဝန်ကြီးဌာန (Focal Ministry) အဖြစ် တာဝန်ပေးအပ်ခဲ့ပြီး အဖွဲ့ဝင်၂၉ ဦးပါဝင်သည့် e-ID စနစ် လုပ်ငန်းကော်မတီကို ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်ကြောင်း။
e-ID စနစ်လုပ်ငန်းကော်မတီအောက်တွင် e-ID စနစ် အကောင်အထည်ဖော်ရေး ကြီးကြပ်မှုဆပ်ကော်မတီ၊ စီမံချက် ရေးဆွဲရေး ဆပ်ကော်မတီ၊ ဉပဒေ၊ နည်းဉပဒေရေးဆွဲရေး ဆပ်ကော်မတီ၊ နည်းပညာ နှင့် တင်ဒါရေးဆွဲရေး ဆပ်ကော်မတီ၊ ဘဏ္ဍာငွေဆိုင်ရာ ဆပ်ကော်မတီ၊ ပြန်ကြားရေးဆိုင်ရာ ဆပ်ကော်မတီ စသည့် ဆပ်ကော်မတီ ခြောက်ခုကိုလည်း ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း။
အဆိုပါကော်မတီများအနေဖြင့် e-ID စနစ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ Master Plan ရေးဆွဲခြင်း၊ System Architecture Design ရေးဆွဲခြင်း၊ ပြင်ပနည်းပညာအကြံပေးငှားရမ်းရာတွင် လိုက်နာရမည့် လုပ်ငန်းလမ်းညွှန်( ToR) ရေးဆွဲခြင်းနှင့် ၁၉၄၉ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးအက်ဉပဒေနှင့် ၁၉၅၁ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံနေထိုင်သူများ မှတ်ပုံတင်ရေး နည်းဉပဒေတို့ကို အခြေခံပြီး ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ခြင်းကို အီလက်ထရောနစ်စနစ်နှင့် ဆောင်ရွက်ခြင်းဆိုင်ရာ နည်းဉပဒေများ (မူကြမ်း) ကိုလည်း ရေးဆွဲနိုင်ခဲ့ကြောင်း။
e-ID စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်သည့်နေရာတွင် ကိုယ်ရေးအချက်အလက်များ (Biographic Data) ကောက်ယူပြီး Database အတွင်း ထည့်သွင်းခြင်း၊ ဇီဝဆိုင်ရာ အချက်အလက်များ (Biometric Data) ကောက်ယူခြင်း၊ စိစစ်ခြင်းနှင့် Unique ID(UID) နံပါတ်ထုတ်ပေးခြင်း၊ နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ကတ်ပုံစံ အလွတ်များထုတ်လုပ်ခြင်း၊ ကတ်ပုံစံအလွတ်များတွင် ကိုယ်ရေးအချက် အလက်များထည့်သွင်းခြင်းနှင့် e-ID စနစ် လုပ်ငန်းစဉ်ကို ကြီးကြပ်ကွပ်ကဲခြင်း စသည့် အဆင့် (၅) ဆင့်နှင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
e-ID ဟုခေါ်သည့် အီလက်ထရောနစ် နည်းပညာသုံးစနစ်ဆိုသည်မှာ နိုင်ငံအတွင်းတွင် တရားဝင်မှီတင်းနေထိုင်ကြသူအားလုံး၏ ကိုယ်ရေးအချက် အလက်များကို ခေတ်မှီနည်းပညာ ကွန်ပျူတာစနစ်ကို အသုံးပြုပြီး အစိုးရ၏ Database ထဲတွင် သိမ်းဆည်းထားခြင်းဖြစ်ကြောင်း၊ လိုအပ်ပါက လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များကို ပြန်လည်ရှာနိုင်ရန်အတွက်လည်း လူတစ်ဦးချင်းစီ၏ Unique Identification Number များထုတ်ပေးခြင်း၊ တစ်နည်းအားဖြင့် e-Government အောင်မြင်ရန် လစ်ဟာနေသည့် Human Resource Database ဖြစ်ကြောင်း၊ နိုင်ငံတစ်ကာတွင် National Identification System သို့မဟုတ် Population Regstration ဟုခေါ်ဆိုကြောင်း၊ နိုင်ငံတကာ၌ e-ID စနစ်တွင် အခြေခံအားဖြင့် အနည်းဆုံး နိုင်ငံသားများကိုကာကွယ်နိုင်ရန်နှင့် အုပ်ချုပ်ရန်အတွက် Human Resource Database၊ စီးပွားရေးလုပ်ငန်းများအပေါ် လိမ်လည်ရောင်းဝယ်မှု၊ ထိန်းချုပ်မှုတို့ကို ကာကွယ်ပေးနိုင်ရန်အတွက် Business Database၊ ရွှေ့ပြောင်းနိုင်သည့်ယာဉ်များကို ထိန်းချုပ်ရန်နှင့် ပြည်သူများယာဉ်အန္တရာယ်မှ ကာကွယ်ပေးနိုင်ရန် Asset Database၊ အိုးအိမ်တိုက်တာများကဲ့သို့ မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများကို ထိန်းချုပ်ရန်နှင့် ရောင်းမှား၊ ဝယ်မှား ဖြစ်မှုများကို ကာကွယ်နိုင်ရန် Property Database ဟူ၍ ရှိပြီး ယခုသွားမည့် e-ID စနစ်တွင် မရှိမဖြစ်လိုအပ်သည့် Database များဖြစ်ပါကြောင်း။
National Identification System တွင် နိုင်ငံသားဖြစ်ခြင်းနှင့် မဖြစ်ခြင်း မသက်ဆိုင်ဘဲနိုင်ငံအတွင်း၌ တရားဝင်နေထိုင်သည့် နိုင်ငံသား ၊ ဧည့်နိုင်ငံသား၊ ပြုနိုင်ငံသား အားလုံးတို့၏ ကိုယ်ရေးအချက်အလက်နှင့် သက်ဆိုင်ပါကြောင်း၊ နည်းစနစ်ကို မဏ္ဍိုင်ထားပြီး နိုင်ငံတော်အစိုးရအဖွဲ့အောက်တွင်ရှိသည့် ဝန်ကြီးဌာနများနှင့်အလွှာပေါင်းစုံက Database များကလည်း မှီခိုချိတ်ဆက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံသားဖြစ်ခြင်းနှင့်မဖြစ်ခြင်း၊ ဧည့်နိုင်ငံသား၊ ပြုနိုင်ငံသား ဖြစ်ခြင်းမဖြစ်ခြင်းကို စိစစ်ရမည်မှာ e-ID Database ထဲမှ ကိုယ်ရေးအချက်အလက်များအပေါ်မူတည်ပြီး သက်ဆိုင်ရာလူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ထို့ကြောင့် e-ID စနစ် အတွက် လူတစ်ဦးချင်းစီက ထင်ရှားသည့် ကိုယ်ရေးအချက်အလက်များကိုရယူရာတွင် နိုင်ငံအတွင်းနေထိုင်သူ အသက် ၁၀ နှစ်နှင့်အထက် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူများ၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လက်မှတ်ရရှိထားသူ PR များနှင့် ပြည်တွင်းနေ အခွန်ဆောင် နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ် (FRC) ကိုင်ဆောင်ထားသူများ၏ Biographic Data၊ Biometric Data များကောက်ယူပြီး လူတစ်ဦးချင်းစီကို ဂဏန်း ၁၀ လုံးပါဝင်သည့် Unique ID နံပါတ်များသီးခြားထုတ်ပေးကာ ယင်း Unique ID ကို မဏ္ဍိုင်ပြုပြီး ဝန်ကြီးဌာနအသီးသီးက မိမိတို့ဌာနအလိုက်ရှိနေသည့် အကောင်အထည်ဖော်မည့် Database ကို စိစစ်ပေါင်းစပ်ပြီး ဝန်ကြီးဌာနများက ပြည်သူများအပေါ်ဝန်ဆောင်မှု လုပ်ငန်းများကို လျှင်မြန်စွာ ဝန်ဆောင်မှုပေးနိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း။
e-ID စနစ်အတွက် လုပ်ငန်းဆောင်ရွက်မှု အဆင့် ၁ အနေဖြင့် နိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက် မှတ်တမ်း (နိုင်-၄) ၅၂ သန်းကျော်နှင့် အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ (၆၆/၆) ၁၃ သန်းကျော်တို့ ကို e-ID Database အတွင်း ၁၀၀ ရာခိုင်နှုန်း ထည့်သွင်းပြီးစီးခဲ့ပြီးဖြစ်ကြောင်း။
ထိုသို့ ကိုယ်ရေးအချက်အလက်များ ထည့်သွင်းဆောင်ရွက်ခဲ့ရာတွင် နိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက်များကို စာရွက်စာတမ်းများနှင့် ထိန်းသိမ်း ခဲ့သည့်အတွက် နှစ်ကာလကြာမြင့်မှု၊ သဘာဝဘေးအန္တရာယ်နှင့် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် အချက်အလက် မဆုံမလင်မှုများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် e-ID Database အတွင်းရှိ အချက်အလက်များ ပြည်စုံမှန်ကန်မှုရှိစေရန်အတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကော်မတီများဖွဲ့၍ ယခုနှစ် ဇန်နဝါရီ ၉ ရက်မှစ၍ ၃၁ ရက်အထိ ဆောင်ရွက်ခဲ့ကြောင်း။
လုပ်ငန်းဆောင်ရွက်မှု အဆင့် (၂) အနေဖြင့် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းကို ၂၀၂၂ ခုနှစ် နိုင်ဝင်ဘာလတွင် ပြည်ထောင်စုနယ်မြေ အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများကို Pilot Project အနေဖြင့် စတင်ကောက်ယူခဲ့ပြီး ယခုအခါတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စတင်ကောက်ယူနေပြီ ဖြစ်ကြောင်း။
မြန်မာနိုင်ငံတွင် e-ID စနစ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်အတွက် လိုအပ်သည့်အချက်အလက်များကို တစ်နေရာတည်းတွင် ရရှိနိုင်ခြင်း၊ e-Government အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်ခြင်း၊ နိုင်ငံတော်လုံခြုံရေး ၊ တရားဉပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို ပိုမိုလွယ်ကူစွာတည်ဆောက်နိူင်ခြင်း၊ လူဦးရေသန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများအတွက် အထောက်အကူ ပြုနိုင်ခြင်း၊ စာရွက်အခြေပြု (Paper- Based) စနစ်များလျှော့ချနိုင်ခြင်း၊ National ID ၏ အခြေခံလုပ်ငန်းစဉ်ဖြစ်ပြီး နိုင်ငံတကာသုံးစနစ်များဖြင့် လွယ်ကူစွာချိတ်ဆက်အသုံးပြုနိုင်ခြင်း၊ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်ကို ကူးပြောင်းရာတွင် အခြေခံအုတ်မြစ်ဖြစ်ခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ အခွန်စည်းကြပ်ရေးနှင့် အခြားသောဌာနဆိုင်ရာများမှဆောင်ရွက်နေသည့် လုပ်ငန်းများကို လွယ်ကူစွာဝန်ဆောင်မှုပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများစွာကို ပြည်သူများရရှိမည်ဖြစ်ကြောင်း။
e-ID စနစ်နှင့် ကောက်ယူထားရှိသည့် Data များသည် Big Data များဖြစ်ပြီး လူပုဂ္ဂိုလ်ဆိုင်ရာ အချက်အလက်များဖြစ်သည့်အပြင် နိုင်ငံတော်အတွက် အရေးကြီးသည့် National Database ဖြစ်၍ ယင်းတို့ကို လုံခြုံအောင်ထိန်းသိမ်းရန် အရေးကြီးကြောင်း၊ e-ID တွင် ပါဝင်သည့် National Database အပါအဝင် ဝန်ကြီးဌာနထဲတွင် ပြုစုထိမ်းသိမ်းထားသည့် Database များသည် ပြည်သူများအပေါ်ချပြ၍ရသည့် Database ရှိသကဲ့သို့ နိုင်ငံတော်နှင့် ဝန်ကြီးဌာနအတွက် လုံခြုံရေးအရ ထုတ်ဖော်ချပြ၍မရသည့် Database များလည်းရှိပါကြောင်း၊ ထို့ကြောင့် Cyber Security ဆိုင်ရာ လုံခြုံမှုစနစ်များ အဆင့်လိုက်ထားရှိပြီး ကွန်ယက်လုံခြုံမှု စောင့်ကြည့်စနစ် (Network Monitoring System) များထားရှိရန်နှင့် မြန်မာနိုင်ငံကွန်ပျူတာအရေးပေါ် ကွန်ယက်တုံ့ပြန်မှုစနစ် (Myanmar Computer Emergency ResponsTeam) အနေဖြင့်လည်း အင်အားထပ်မံဖြည့်ဆည်းပြီး ကွန်ယက်လုံခြုံမှုများ တိုးမြင့်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း။
ယနေ့ Information Technology IT ခေတ်တွင် မိမိတို့နိုင်ငံအနေဖြင့်လည်း e-Government ကို ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ e- Government စနစ်ဆိုသည်မှာ အစိုးရအဖွဲ့အချင်းချင်း၊ ရုံးတွင်း Network ချိတ်ဆက်ပြီး စာပေးစာယူအဆင့်ဟု ယူဆပါက မှားယွင်းမည်ဖြစ်ကြောင်း၊ e-Government ဆိုသည်မှာ ထိရောက်မြန်ဆန်လုံခြုံသည့် ကွန်ပျူတာစနစ်များကို အသုံးပြုပြီး အများပြည်သူအတွက် မြန်ဆန်တိုးတက်သည့် ဝန်ဆောင်မှုများကို နိုင်ငံတော်အစိုးရက ပြည်သူကိုဝန်ဆောင်မှုပေးခြင်းပင်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ဝန်ဆောင်မှုပေးနိုင်ရန်အတွက် အစိုးရဌာနတိုင်းတွင် ဝန်ကြီးဌာနနှင့်သက်ဆိုင်သည့် Database များကိုလည်း ပညာရှင်များနှင့် တည်ဆောက်သွားကြရမည်ဖြစ်ကြောင်း၊ Database များကို ချိတ်ဆက်ပြီး အစိုးရယန္တရားများ မြန်ဆန်စွာလည်ပတ်နိုင်ရန် National Database သို့မဟုတ် နိုင်ငံတော်က အရေးကြီးသောမှတ်တမ်းများ ကိုကွန်ပျူတာစနစ်ဖြင့် ချိတ်ဆက်ထားခြင်းဟု အဓိပ္ပာယ်ရပါကြောင်း၊ National Database အပေါ်မူတည်ပြီး လူတစ်ဦးချင်းစီ၏ ဝန်ဆောင်မှုကိုပေးနိုင်ရန်အတွက် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များကို e-ID စနစ်ထဲတွင်ထည့်သွင်းပြီး သက်ဆိုင်ရာဝန်ကြီးဌာန များကလည်း e-ID စနစ်ထဲတွင်ရှိသည့် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များမှ ချိတ်ဆက်ပြီးဝန်ဆောင်မှုပေးသည့်လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ e-ID စနစ် လုပ်ငန်းကော်မတီက စီမံချက်များချမှတ်ပြီး အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိသည့်အတွက် National Database အဖြစ် တည်ဆောက်ပြီးစီးပါက နိုင်ငံသားများ၏ လူမှုဘဝလုံခြုံမှုကို ပိုမိုဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် National Database စနစ် တည်ဆောက်ရေး ဦးဆောင်ကော်မတီ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က e-ID စနစ် လုပ်ငန်းကော်မတီ၏ ဆောင်ရွက်ချက်များ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် က Myanmar e-Government Master Plan - ၂၀၂၃ (မူကြမ်း) ဆိုင်ရာ အချက်အလက်များနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနမှ ဖွင့်လှစ်သင်ကြားပေးမည့် သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍တပ်မတော်(ကြည်း၊ ရေ၊ လေ) သတင်းနှင့် နည်းပညာဌာန ဌာနမှူး ဗိုလ်မှူးချုပ် မြတ်မင်းဦး က National Database တည်ဆောက် ထားရှိမှု၊ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများနှင့် အကြံပြုချက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသူများက National Database စနစ် တည်ဆောက်ရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေးနွေးအကြံပြု တင်ပြကြသည်။
ယင်းနောက် National Database စနစ်တည်ဆောက်ရေး ဦးဆောင်ကော်မတီ ဉက္ကဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဌ ဒုတိယ ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ e-ID စနစ်ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် အစီအမံများကို e-ID ကော်မတီအဖွဲ့ဝင်ပညာရှင်များက ဝန်ကြီးဌာနများအလိုက် လက်တွေ့ဆောင်ရွက်သွားကြရမည့် ဝန်ထမ်းများအား စတင်ရှင်းလင်းဆွေးနွေး ပေးသွားမည်ဖြစ်ပါကြောင်း၊ e-IDစနစ်ဆောင်ရွက်ခြင်းကြောင့် ပြည်သူများ၏တစ်ဦးချင်း ကိုယ်ရေးအချက်အလက်များကို ကောက်ယူနိုင်သည့်အတွက် ပြည်သူများအနေဖြင့် Paper- Based စနစ်မှ အွန်လိုင်းဆက်သွယ်မှုစနစ်မှတစ်ဆင့် မိမိအလိုရှိသည့် လုပ်ငန်းနယ်ပယ်အလိုက် ဝန်ကြီးဌာနများတွင် လွယ်ကူစွာ ဆက်သွယ်ဆောင်ရွက်နိုင်မှုစသည့် ဝန်ဆောင်မှုကဏ္ဍတို့တွင် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ဝန်ကြီးဌာနများ အနေဖြင့်လည်း ပြည်သူများကို ဝန်ဆောင်မှုပေးနိုင်ရန်မှာ e-Government စနစ်ဆောင်ရွက်နိုင်ရေး ဝန်ကြီးဌာနအလိုက် အခြေခံကွန်ပျူတာ နည်းပညာမှစ၍ software၊ Hardwareနှင့် Networking ပညာရပ်များနှင့်စပ်လျဉ်း၍ သင်တန်းများကိုဖွင့်လှစ်သင်ကြားပေးရန်လိုကြောင်း၊ ထို့ပြင် ဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် Electronic Device များ ကိုင်တွယ်အသုံးပြုနိုင်မည့် ဌာနတွင်းဝန်ထမ်းပညာရှင်များ ကြိုတင် ရွေးချယ်စုဖွဲ့ထားရန်လိုကြောင်းနှင့် e-Government စနစ်ဆောင်ရွက်ရာတွင် အခက်အခဲများရှိနိုင်သော်လည်း လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ရင်းဖြင့် တွေ့ရှိရသည့်အားနည်းချက်၊ အားသာချက်များကို ပြုပြင်သွားမည်ဖြစ်ကြောင်း၊ National Database ရှိမှသာ ပြည်သူများအတွက် လျင်မြန်သည့် ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ကြောင်း၊ National Database စနစ်တည်ဆောက်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာတာဝန် ရှိသူများက ကြိုတင်စီမံဆောင်ရွက်ထားကြရန်လိုကြောင်း ဖြည့်စွက်ပြောကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကား ပြောကြား၍အစည်းအဝေးကို ရုတ်သိမ်းလိုက်ကြောင်း သိရှိရပါသည်။