နေပြည်တော်၊ အောက်တိုဘာ ၃၁။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံတွင်ရောက်ရှိနေသည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး မစ္စတာ ဝမ်ရှောင်ဟုန် (Mr. Wang Xiaohong) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား အောက်တိုဘာလ (၃၁) ရက်၊ ယနေ့နံနက် (11) နာရီ မိနစ် (၄၀) အချိန်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနအစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီးနှင့်အတူ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Mr. Chen Hai နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
တွေ့ဆုံရာတွင် ပြီးခဲ့သည့် စက်တင်ဘာလက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး၏ ဖိတ်ကြားချက် အရ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံသို့သွားရောက်၍ e-ID စနစ်နှင့်ပတ်သက်သည့် IT နည်းပညာဆိုင်ရာ ဆောင်ရွက်မှုများလေ့လာခဲ့မှုနှင့် နှစ်နိုင်ငံနယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေးနိုင်ခဲ့သည့်အတွက် ကျေးဇူးတင်ရှိမှုအခြေအနေ၊ နှစ်နိုင်ငံနယ်နိမိတ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် နှစ်နိုင်ငံပြည်သူများ အဆင်ပြေအေးချမ်းစွာဖြင့် အပြန်အလှန် ကူးလူးဆက်သွယ်သွားလာ နေထိုင်လုပ်ကိုင်နိုင်ရေးအတွက် နှစ်နိုင်ငံလူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအခြေအနေ၊ တရုတ်- မြန်မာ နယ်စပ်ဂိတ်များ တိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် နှစ်နိုင်ငံလူဝင်မှုကြီးကြပ် ရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်အဆင့် အစည်းအဝေးများ နှစ်စဉ်အပြန်အလှန်ကျင်းပ၍ လုပ်ငန်းများနည်းကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေ၊ ယင်းအစည်းအဝေးများ၏ ဆုံးဖြတ်ချက်များအပေါ် ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအခြေအနေ၊ မြန်မာနိုင်ငံ၏ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းနှင့် e-ID စနစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းများတွင် တရုတ်နိုင်ငံအနေဖြင့် နည်းပညာနှင့်လိုအပ်ချက်များ မျှဝေပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေး အခြေအနေ၊ မြန်မာ-တရုတ်-ထိုင်း-လာအို (၄) နိုင်ငံပူးပေါင်း၍ နယ်စပ်ဒေသများတည်ငြိမ်အေးချမ်းရေး၊ တရားမဝင် ဝင်/ထွက်မှု မရှိစေရေး၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ လူကုန်ကူးမှုနှင့် Online ဂိမ်းလောင်းကစားမှုများ မရှိစေရေးတို့အတွက် ထိရောက်စွာအတူလက်တွဲဆောင်ရွက်ရေး အခြေအနေ၊ နှစ်နိုင်ငံနယ်စပ်တွင်လက်ရှိ ဖြစ်ပွားနေသည့် အကြမ်းဖက်တိုက်ခိုက်မှုများအပေါ် အမြန်ဆုံးတည်ငြိမ်အေးချမ်းရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်ရေးအခြေအနေ၊ မြန်မာ-တရုတ်နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်ကြာ တည်တံ့ခိုင်မြဲရေးအတွက် နှစ်နိုင်ငံအရေးကိစ္စများအား လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြပြီး အမှတ်တရပစ္စည်းများအပြန်အလှန်ပေးအပ်၍ စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရှိရပါသည်။