ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင် ကုလသမဂ္ဂလက်ထောက် အတွင်းရေးမှူးချုပ်UNHCR၏လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လက်ထောက်မဟာမင်းကြီးအားတွေ့ဆုံ ဝန်ကြီးဌာနနှင့်UNDP-UNHCRအကြားMoUလက်မှတ်ရေးထိုး၍ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးလုပ်ငန်းဆောင်ရွက်ရေးဆွေးနွေး

ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင် ကုလသမဂ္ဂလက်ထောက် အတွင်းရေးမှူးချုပ်UNHCR၏လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လက်ထောက်မဟာမင်းကြီးအားတွေ့ဆုံ ဝန်ကြီးဌာနနှင့်UNDP-UNHCRအကြားMoUလက်မှတ်ရေးထိုး၍ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးလုပ်ငန်းဆောင်ရွက်ရေးဆွေးနွေး

နေပြည်တော်၊ နိုဝင်ဘာ ၉။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ်ဖြစ်သူ UNHCR လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လက်ထောက်မဟာမင်းကြီး Mr. Raouf Mazou နှင့်အဖွဲ့အား နိုဝင်ဘာလ (၉) ရက်၊ ယနေ့မွန်းတည့် (၁၂) နာရီအချိန်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ကုလသမဂ္ဂလက်ထောက် အတွင်းရေးမှူးချုပ်ဖြစ်သူ UNHCR လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လက်ထောက်မဟာမင်းကြီး Mr. Raouf Mazou နှင့်အတူ အာရှ-ပစိဖိတ်ဒေသ ဆိုင်ရာ ဗျူရိုညွှန်ကြားရေးမှူး Mr. Indrika Ratwatte ၊ UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Noriko Takagi နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ ပံ့ပိုးပေးနိုင်ရေးအတွက် ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့ အကြား နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးဆောင်ရွက်ခဲ့မှုနှင့် ယင်း MoU သက်တမ်းတိုးမြှင့်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးဆဲကာလအတွင်း MoU သက်တမ်းကုန်ဆုံးမှုအခြေအနေ၊ ယင်း MoU ပါစာသားအချို့အား လက်ရှိအခြေအနေနှင့် ကိုက်ညီသည့်စာသားအသုံးအနှုန်းများဖြင့် ပြင်ဆင်ရေးထိုး နိုင်ရေး ညှိနှိုင်းဆောင်ရွက်နေမှုအခြေအနေ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံနိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ညှိနှိုင်း ဆောင်ရွက်နေမှုနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပေးပို့လာသည့်စာရင်းများအား နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပြန်လည်စိစစ်အတည်ပြုပြန်ကြားမှု အခြေအနေ၊ လက်ရှိအခြေအနေတွင် Pilot Project ဖြင့် ပြန်လည်လက်ခံရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေမှုနှင့် အသုတ်လိုက် ပြန်လည် လက်ခံနိုင်ရေးဆောင်ရွက်နေမှုအခြေအနေ၊ ပြန်လည်ဝင်ရောက်လာသူများအား မူလနေထိုင်ရာဒေသ (သို့မဟုတ်) မူလနေထိုင်ရာဒေသနှင့် အနီးဆုံး လုံခြုံစိတ်ချရသောနေရာများ၌ ပြန်လည်နေရာချထားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် နေရာချထားမည့်ဒေသများအား ၎င်းတို့၏ ကိုယ်စားလှယ်များ လာရောက်ကြည့်ရှုလေ့လာခဲ့မှုအခြေအနေ၊ UNHCR ကိုယ်စားလှယ်များအနေဖြင့် ယခုခရီးစဉ်အတွင်း ရခိုင်ပြည်နယ်သို့ သွားရောက် ခဲ့မှုနှင့် ဒေသအာဏာပိုင်များနှင့်တွေ့ဆုံ၍ ပြန်လည်လက်ခံရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုများအား မေးမြန်းဆွေးနွေးခဲ့မှုအခြေအနေ၊ ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့အကြား သဘောတူလက်မှတ်ရေးထိုးမည့် MoU အား သုံးပွင့်ဆိုင် ညှိနှိုင်းပြင်ဆင်အတည်ပြုလက်မှတ် ရေးထိုးပြီးပါက ပြန်လည် ဝင်ရောက်လာသူများအတွက် ပြန်လည်နေရာချထားနိုင်ရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေး၍ ရေရှည်လူမှုဘဝရပ်တည်နေထိုင် နိုင်ရေးတို့အတွက် စီမံဆောင်ရွက်နိုင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။