ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဝင်များ၊ သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဝင်များနှင့်တွေ့ဆုံ၍ လုပ်ငန်းများ သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးရေး ဝိုင်းဝန်းဆောင်ရွက်ရန်ပြောကြား။

ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဝင်များ၊ သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဝင်များနှင့်တွေ့ဆုံ၍ လုပ်ငန်းများ သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးရေး ဝိုင်းဝန်းဆောင်ရွက်ရန်ပြောကြား။

နေပြည်တော်၊ နိုဝင်ဘာ ၁၇ ။

မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မကွေးတိုင်းဒေသကြီး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ နိုဝင်ဘာလ ၁၇ ရက်၊ မွန်းလွဲ (၁) နာရီက မကွေးမြို့၊ မြို့နယ်ခန်းမ၌ ကျင်းပသည့် မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဝင်များအား တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်သည်။

အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ် ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် အရေးအကြီးဆုံးဖြစ်သည့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တိကျမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းပြုစုနိုင်ရေးသည် အရေးကြီးပါကြောင်း၊ မဲစာရင်းမှန်ကန်ရေးအတွက် တိကျသည့် လူဦးရေစာရင်းရရှိစေရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group) များဖွဲ့စည်းကာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်မှ (၃၁) ရက်အထိ ရုံးပိတ်ရက်မပါ ရက်ပေါင်း (၂၀) သတ်မှတ်၍ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူ ခဲ့ပြီးဖြစ်ပါကြောင်း၊ ကောက်ယူရရှိသည့်စာရင်းဇယား၊ အချက်အလက်များကိုလည်း တိုင်းဒေသကြီး/ပြည်နယ်များအလိုက် မှတ်တမ်းများစုစည်း၍ လဝကမြို့နယ်ဦးစီးမှူးရုံး များရှိ ရုံးလက်ခံမှတ်တမ်းများနှင့် တိုက်ဆိုင်စိစစ်၍ Online စနစ်ဖြင့် ရုံးချုပ်ရှိ e-ID Server အတွင်း အချက်အလက်များဖြင့် တိုက်ဆိုင်ပြင်ဆင်ဖြည့်စွက် အတည်ပြုခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မကွေးတိုင်းဒေသကြီးအနေဖြင့် စုစုပေါင်းအိမ်ထောင်စု (၁၂ ဒဿမ ၄) သိန်းကျော်ကို မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရာတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်အထိ e-ID Software ဖြင့်ထုတ်ယူထားသည့် အိမ်ထောင်စု စာရင်းဖြင့်ကောက်ယူမှု (၈ ဒဿမ ၄) သိန်းကျော်၊ အိမ်ထောင်စုစာရင်းမရှိသဖြင့် အလွတ်ပုံစံများဖြင့် ကောက်ယူမှု (၉) သောင်းခန့်၊ စုစုပေါင်း (၉ ဒဿမ ၃) သိန်းကျော် ကောက်ယူပြီးစီးခဲ့ကြောင်း၊ နယ်မြေဒေသလုံခြုံရေး အခြေအနေအရ ကောက်ယူရန်ကျန်ရှိ ဒေသအနည်းငယ်ရှိနေသော်လည်း တတ်နိုင် သမျှ နည်းလမ်းပေါင်းစုံဖြင့် ကောက်ယူဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ယင်းစာရင်းများအရ အိမ်ထောင်စုစာရင်းရှိသော်လည်း နိုင်ငံသားကတ် မရှိသေးသူများ၊ အလွတ်ပုံစံဖြင့်ကောက်ယူခဲ့သည့် အိမ်ထောင်စုများအတွက် အမှန်တကယ်အိမ်ထောင်စုစာရင်းရှိ/မရှိ စိစစ်၍ မြို့နယ်အဆင့် ဖွဲ့စည်း ထားသည့် (၅) ဦးကော်မတီဖြင့် အသေးစိတ်စိစစ်အတည်ပြုကာ နိုင်ငံသားအရည်အချင်းနှင့် ကိုက်ညီသူများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို ပန်းခင်းစီမံချက်ဖြင့် ဆက်လက်ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ ထို့ပြင် အချက်အလက်ကွဲလွဲနေသူများ၊ အမျိုးသားမှတ်ပုံတင်ကတ်ပြား ကိုင်ဆောင်ထားသူများ၊ အသက် (၁၆) နှစ်နှင့် (၁၈) နှစ်ကြား ၊ အသက် (၁၈) နှစ်နှင့်အထက် မည်သည့်ကတ်ပြားမျှ ကိုင်ဆောင်ထားခြင်းမရှိသူများကိုလည်း စနစ်တကျစိစစ်၍ ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေး ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ သို့မှသာ ရွေးကောက်ပွဲကျင်းပချိန်တွင် မဲပေးပိုင်ခွင့်ရှိသူအားလုံး ကိုင်ဆောင် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ကြမည်ဖြစ်ပါကြောင်း၊ ယခုအခါ နိုင်ငံတော်၏ e-Government စနစ်အတွက် အခြေခံအကျဆုံး ဖြစ်သည့် e-ID စနစ်ကိုလည်း မိမိတို့ဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး နိုင်ငံအတွင်းနေထိုင်သူအားလုံးအား ကိုယ်ရေးအချက်အလက်နှင့် ဇီဝအချက်အလက်များ ကောက်ယူ၍ Database အတွင်းသိမ်းဆည်းပြီး ဂဏန်း (၁၀) လုံးပါဝင်သည့် Unique ID နံပါတ်သတ်မှတ်ထုတ်ပေးလျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ် ကိုလည်း ပန်းခင်းစီမံချက်နှင့်အတူ ဆောင်ရွက်လျက်ရှိပြီး နိုင်ငံသားကတ်ရရှိပြီးသူများကို e-ID စနစ်ဖြင့် Biometric ကောက်ယူဆောင်ရွက်သကဲ့သို့ နိုင်ငံသားကတ်အသစ်လျှောက်ထားသူများကိုလည်း တပါတည်း Biographic/ Biometric ကောက်ယူခြင်းလုပ်ငန်းကိုပါ ဆောင်ရွက်ပေးလျက်ရှိရာ  ပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးအတွက် တိုက်တွန်းနှိုးဆော် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် ပြီးခဲ့သည့်အောက်တိုဘာလအတွင်း စမ်းသပ်သန်းခေါင် စာရင်းကောက်ယူခြင်းလုပ်ငန်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ မြို့နယ် (၂၀) ကျော်ကိုရွေးချယ်၍ စာရင်းကောက်ကွက် (၁၀၀) သတ်မှတ်ကာ အောင်မြင်စွာ ကောက်ယူဆောင်ရွက်ခဲ့ပါကြောင်း၊ မကွေးတိုင်းဒေသကြီးတွင် စမ်းသပ်သန်းခေါင်စာရင်းကို ပခုက္ကူမြို့နယ်တွင် ကောက်ကွက် (၇) ကွက် ရွေးချယ်ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယင်းအောင်မြင်မှု အတွေ့အကြုံများအရ ပြည်လုံးကျွတ်သန်းခေါင် စာရင်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်မှ (၁၅) ရက်အထိ (၁၅) ရက်ကြာ ကောက်ယူသွားမည်ဖြစ်ရာ လုပ်ငန်းများအောင်မြင်ရေးအတွက် တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာစသည့် ကော်မတီအဆင့်ဆင့်ဖွဲ့စည်းကာ မထပ်မကျန် စာရင်းမှန်ရရှိရေးအတွက် လုပ်ငန်းလိုအပ်ချက်များကို ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်း၊ ယခုလုပ်ငန်းစဉ်များသည် မိမိတို့ဌာနက တာဝန်ယူဆောင်ရွက်ရသော်လည်း ဒေသအာဏာပိုင် အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲများ၊ ဒေသခံပြည်သူများ၏ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းဆိုင်ရာ အခက်အခဲများကိုလည်း အချိန်နှင့်တစ်ပြေးညီတင်ပြကြရန်နှင့် လိုအပ်သည်များကို ပံ့ပိုးဖြည့်ဆည်းပေးသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အနာဂတ်အတွက် အရေးကြီးပြီး အချိန်ကာလသတ်မှတ်ချက်များအတွင်း မဖြစ်မနေအောင်မြင်အောင်ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည် နှင့်အညီ အားလုံးကတက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီးအတွင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူဆောင်ရွက်မှုနှင့် ကောက်ယူ ရန်ကျန်ရှိသည့် ဒေသများအား ဆက်လက်ကောက်ယူဆောင်ရွက်မည့်အစီအစဉ်၊ ပန်းခင်းစီမံချက် ဆောင်ရွက်ပြီးစီးမှုနှင့် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ သက်ဆိုင်ရာကော်မတီဝင်များက လုပ်ငန်းများ အောင်မြင်ရေးအတွက်  ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသူများက နယ်မြေဒေသအလိုက် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူမှုနှင့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း‌ကောက်ယူ ရေးအတွက် စီစဉ်ထားရှိမှု၊ မဲစာရင်းမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ဆောင်ရွက်မှုအခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်ပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးသို့ သွားရောက်၍ ရုံးအဆောက်အဉီအခြေအနေနှင့် ရုံးခန်းများဖွဲ့စည်းထားရှိမှု တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားညှိနှိုင်းဆောင်ရွက်ခဲ့ကြပါသည်။