ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင် လူဝင်မှုကြီးကြပ်ရေးနှင့်နိုင်ငံသားစိစစ်ရေး လုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ မိမိဌာနနှင့် သက်ဆိုင်သည့်အချက်အလက်ပေါ်မူတည်၍ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံနိုင်မည့်အခြေအနေများကို ဆွေးနွေးအကြံပြုရန်ပြောကြား

ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင် လူဝင်မှုကြီးကြပ်ရေးနှင့်နိုင်ငံသားစိစစ်ရေး လုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ မိမိဌာနနှင့် သက်ဆိုင်သည့်အချက်အလက်ပေါ်မူတည်၍ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံနိုင်မည့်အခြေအနေများကို ဆွေးနွေးအကြံပြုရန်ပြောကြား

နေပြည်တော်၊ နိုဝင်ဘာ ၂၁  ။

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၏ လုပ်ငန်းကော်မတီတစ်ခုဖြစ်သည့် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသား စိစစ်ရေးလုပ်ငန်းကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၃/၂၀၂၃) ကို နိုဝင်ဘာလ (၂၁) ရက်၊ ယနေ့နံနက် (၁၀) နာရီက နေပြည်တော်ရှိ  လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး၊ လုပ်ငန်းကော်မတီဝင် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါ်နုမြစံ၊ ဒေါက်တာမိုးဇော်ထွန်း၊ ပါမောက္ခ ဒေါက်တာအေးထွန်း၊ ဦးစိုးကြည်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ လုပ်ငန်း ကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ကျန်လုပ်ငန်းကော်မတီဝင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အဖွဲ့ဝင် (၃) ဦးသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

အစီအစဉ်အရ ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြား ရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးစသည့် လုပ်ငန်းများထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဗဟိုကော်မတီကိုဖွဲ့စည်းဆောင်ရွက်နေသကဲ့သို့ ဗဟိုကော်မတီ၏အောက်တွင် လုပ်ငန်းကော်မတီ (၅) ခု ဖွဲ့စည်းကာလုပ်ငန်းများကို ထိထိရောက်ရောက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်း ကော်မတီအနေဖြင့်လည်း အကြမ်းဖက်အဖွဲ့အစည်းများ၏ ခြိမ်းခြောက်အကြပ်ကိုင်မှုကြောင့် ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံ‌ရေး လုပ်ငန်းစဉ်အောင်မြင်ရေးအတွက် လုပ်ငန်းတာဝန် (၇) ရပ်နှင့်အညီ ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက် များအရ လုပ်ငန်းအဖွဲ့များဖွဲ့စည်းကာ နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှပေးပို့လာသည့် အိမ်ထောင်စုလူဦးရေစာရင်းများအနက် ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၃၁) ရက် အထိစိစစ်ပြီးဖြစ်သည့် ပြည်ထဲရေးဝန်ကြီးဌာန၏ အကြမ်းဖက်စာရင်းတွင်ပါဝင်သူ (၁၂၀၀) ကျော်အပါအဝင် မြန်မာနိုင်ငံတွင်နေထိုင်ကြောင်း အထောက်အထားတွေ့ရှိသူ (၉၁၀၀၀) ကျော်၊ မြန်မာနိုင်ငံ တွင်နေထိုင်ခဲ့ကြောင်း အထောက်အထားမတွေ့ရှိသူ (၄၇၀၀၀) ကျော်၊ စုစုပေါင်း လူဦးရေ (၁၃၈၀၀၀) ကျော်အား နိုင်ငံခြားရေးဝန်ကြီး ဌာနမှတစ်ဆင့် သံတမန်လမ်းကြောင်းဖြင့် ပေးပို့အကြောင်းပြန်ကြားပြီးဖြစ်ပါကြောင်း၊ ယင်းတို့အနက် နှစ်နိုင်ငံညှိနှိုင်းချက်အရ ပြန်လည်လက်ခံရေးလုပ်ငန်းများကို Pilot Project ဖြင့် ဆောင်ရွက်နိုင်ရန်သဘောတူခဲ့ပြီး လူဦးရေ (၇၀၀) ကျော်အား ပြန်လည်လက်ခံရန် လျာထားပေးပို့ခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ Pilot Project ဖြင့် ပြန်လည်လက်ခံရန်လျာထားသူ (၇၀၀) ကျော်အပြင် ၎င်းတို့၏ဆက်စပ် မိသားစုဝင် (၄၀၀) ကျော်၏ စာရင်းပါထပ်တိုးရန် ပေးပို့လာပါကြောင်း၊ စိစစ်အတည်ပြုရန်ကျန်ရှိသည့် ဆက်စပ်မိသားစုဝင် (၄၀၀) ကျော်အား မိမိတို့ဘက်မှ မျက်မြင်စစ်ဆေးရေးအဖွဲ့များဖြင့် ပြီးခဲ့သည့် မတ်လအတွင်းက မောင်တောမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်မြို့သို့ သွားရောက်စစ်ဆေးခဲ့ပြီး ယခင်ကျင်းပခဲ့သည့် (၂/၂၀၂၃) အစည်းအဝေးတွင် Pilot Project ဖြင့် လျာထားသူ (၇၀၀) ကျော်နှင့် သွားရောက်စစ်ဆေးအတည်ပြုခဲ့သူ (၄၀၀) ကျော်၊ စုစုပေါင်း (၁၁၀၀) ကျော်အား လက်ခံရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ သို့ရာတွင် နှစ်နိုင်ငံကမကထပြုဆောင်ရွက်မည့် အစီအစဉ်သစ် (New Bilateral Initiative) အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပြန်လည်ပို့ဆောင်လိုသူများနှင့် မိမိဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လိုသူများ အဆိုပြုပေးပို့လာသည့်အတွက် ယင်းတို့အနက် မောင်တော (မြောက်ခြမ်း) နေထိုင်ခဲ့သူ၊ မိသားစုအလိုက်တွေ့ရှိသူ၊ ပြစ်မှုကင်းရှင်းသူ စုစုပေါင်း (၂၈၀၀) ကျော်အား ရှေ့ပြေးစမ်းသပ်စီမံကိန်းအဖြစ် ပြန်လည်လက်ခံရန် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီက မှတ်ချက်ပြုခဲ့ပါကြောင်း၊ သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ (၂၈၀၀) ကျော်၏ ထပ်တိုးမိသားစုဝင် (၃၀၀) ကျော်အား ထပ်မံစိစစ်တွေ့ရှိရသဖြင့် Go and Talk ခရီးစဉ်တွင် မျက်မြင် စစ်ဆေးရေးအဖွဲ့လိုက်ပါလျက် တစ်ပါတည်းစိစစ်အတည်ပြုပေးရန် သံတမန်လမ်းကြောင်းအရတောင်းဆိုလာသဖြင့် မိမိတို့ဘက်မှမျက်မြင်စစ်ဆေးရေး အဖွဲ့များအား  ပြီးခဲ့သည့် အောက်တိုဘာလ (၃၁) ရက်နှင့် နိုဝင်ဘာလ (၁) ရက်တို့တွင် တက္ကနပ်သို့ နေ့ချင်းပြန်သွားရောက်စစ်ဆေးခဲ့ပါကြောင်း၊ ယင်းသို့သွားရောက် စစ်ဆေးရာတွင် စာရင်းပေးပို့ထားသည့် (၃၀၀) ကျော်အနက် လာရောက်အစစ်ဆေးခံသူ (၁၄၂) ဦး အားစစ်ဆေးခဲ့ရာ နှစ်နိုင်ငံ သဘောတူညီချက်အရ ပြန်လည်လက်ခံနိုင်သူ (၁၂၆) ဦးရှိပြီး လက်ခံရန် သင့်/ မသင့် စဉ်းစားရမည့်သူ (၁၁) ဦး၊ သေဆုံးသူ (၄) ဦး၊ စာရင်းမှား (၁) ဦးတို့ တွေ့ရှိရပါကြောင်း၊ ယခုအစည်းအဝေး တက်ရောက်လာသူများအနေဖြင့် မိမိဌာနနှင့်သက်ဆိုင်သည့် အချက်အလက်များအပေါ်မူတည်ပြီး မျက်မြင် စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးပြီးစီးခဲ့သူ (၁၄၂) ဦးနှင့် ပတ်သက်၍ Pilot Project အရ စိစစ်ပြီးသူ (၂၈၀၀) ကျော်နှင့်အတူ ပြန်လည်လက်ခံနိုင်မည့် အခြေအနေအား လိုအပ်သလိုသုံးသပ် ဆွေးနွေးအကြုံပြုပေးစေလိုပါကြောင်း၊ နေရပ်စွန့်ခွာသူများကို လက်ရှိလုံခြုံရေးအခြေအနေအရ ယခုကာလအတွင်း အကန့်အသတ်ရှိနေသော်လည်း လက်ခံနိုင်မည့်သူများကို စိစစ်အတည်ပြုထားခြင်းဖြစ်ပြီး အတည်ပြုဆုံးဖြတ်ချက်များအား ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီသို့တင်ပြပြီး ၎င်းမှတစ်ဆင့် ဗဟိုကော်မတီသို့ ဆက်လက်တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြား သည်။

ယင်းနောက်လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်က ဧပြီလအတွင်းကျင်းပခဲ့သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၃) ၏ ဆုံးဖြတ်ချက်များနှင့် ဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးက မျက်မြင်စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များနှင့် စိစစ်သုံးသပ်ရမည့် အခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် လုပ်ငန်းကော်မတီဝင်များ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကော်မတီဝင်များမှ လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များကို ဌာနအလိုက်ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်နေမှုနှင့် မျက်မြင်စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးတွေ့ရှိချက်များအပေါ် Pilot Project ဖြင့် ပြန်လည်လက်ခံနိုင်ရေးအတွက် သုံးသပ်အကြံပြုချက်များကို အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။  

ထို့နောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးအကြံပြုသုံးသပ်ချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ဆွေးနွေးချက်များ အပေါ် အတည်ပြုဆုံးဖြတ်ချက်ရယူပြီးနောက် စိစစ်အတည်ပြုပြီးသူများ ပြန်လည်လက်ခံနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေ အနေများနှင့်စပ်လျဉ်း၍ နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုတ်သိမ်းလိုက်ကြပါသည်။