
နေပြည်တော်၊ ဖေဖော်ဝါရီ ၈ ။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီလ (၈) ရက်၊ ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့သို့သွားရောက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကန်ကြီးထောင့်မြို့နယ်ဦးစီးမှူးရုံး၌ မြို့နယ်ရုံးဝန်ထမ်းများနှင့် တွေ့ဆုံရာ ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဦးကျော်ဆွေက မြို့နယ်ရုံး၏ လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရေးမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များ အပေါ်လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးပြီးနောက် မြို့နယ်ရုံးမှတ်တမ်းခန်းအတွင်း ကိုယ်ရေးဖိုင်များစနစ်တကျ သိမ်းဆည်းထားရှိမှုနှင့် ရုံးခန်းများအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါမြို့နယ်ရုံး၌ ဝန်ထမ်းများက ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ထုတ်ပေးကာ e-ID စနစ်ဖြင့် Biographic/Biometric ကောက်ယူကာ ဂဏန်း (၁၀) လုံးပါ Unique ID နံပါတ် ထုတ်ပေးဆောင်ရွက်နေမှုအခြေအနေကို လှည့်လည်ကြည့်ရှုအားပေးကာ လာရောက်ဆောင်ရွက်ကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်မြို့ရှိ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးသို့ သွားရောက်၍ ရုံးခန်းမ၌ တိုင်း၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများနှင့်အတူ နေ့လည်စာကို ရင်းနှီးချစ်ကြည်စွာဖြင့် လက်ရည်တစ်ပြင်တည်း အတူတကွသုံးဆောင်ခဲ့ပြီး ဝန်ထမ်းစားရိပ်သာအတွက် ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများပေးအပ်သည်။
မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအားတွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဌာန၏ရည်မှန်းချက်တာဝန်များအပြင် နိုင်ငံတော်အတွက်အရေးကြီးပြီး လက်ငင်းဆောင်ရွက်ရမည့်လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်အရ ဒေသအာဏာပိုင်များ၊ ဆက်စပ်ဝန်ကြီးဌာနများနှင့်ပူးပေါင်းကာ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းနှင့် ပန်းခင်းစီမံချက်လုပ်ငန်းများ၊ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ရာတွင် ဧရာဝတိုင်းဒေသကြီးအနေဖြင့် ရာနှုန်းပြည့် ပြီးစီးအောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့သည့်အတွက် အသိအမှတ်ပြုပါကြောင်း၊ ယခုဆက်လက်ဆောင်ရွက်နေသည့် ပန်းခင်းစီမံချက် အဆင့် (၃) လုပ်ငန်းစဉ် အောင်မြင်ရေးအတွက်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ လာမည့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်းတွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကိုလည်း အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းစဉ်အဆင့်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်အားလုံးသည် မဲစာရင်းမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်းကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ထို့ပြင် နိုင်ငံတော်၏ e-Government စနစ် အကောင်အထည်ဖော်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် e-ID စနစ်ကိုလည်း မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိရာ ယခုအခါ နိုင်ငံသားကတ်ရှိပြီးသူများနှင့် နိုင်ငံသားကတ်ပြားအသစ် လျှောက်ထားရယူသူများကို Biographic/Biometric ကောက်ယူကာ ရုံးချုပ်ရှိ e-ID Server ရှိအချက်အလက်များနှင့် တိုက်ဆိုင်စိစစ်၍ Unique ID နံပါတ်များ ထုတ်ပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်သည်လည်း တိကျမှန်ကန်သော မဲစာရင်းပြုစုရာတွင်လည်းကောင်း၊ နိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြား ရရှိကိုင်ဆောင်နိုင်ရေးအတွက်လည်းကောင်း များစွာအထောက်အကူပြုသည့်လုပ်ငန်းစဉ် တစ်ရပ်ဖြစ်ပါကြောင်း၊ ယခုဆောင်ရွက်နေသည့် လုပ်ငန်းစဉ်အားလုံးသည် နိုင်ငံတော်၏အနာဂတ်အတွက် အရေးကြီးသည့် လုပ်ငန်းများဖြစ်သကဲ့သို့ သတ်မှတ်ကာလအတွင်း လျာထားချက်များ ပြည့်မီပြီးစီးရမည့် လုပ်ငန်းစဉ်များဖြစ်သည်နှင့်အညီ ဝန်ထမ်းအားလုံးက ဒေသအာဏာပိုင်များ၊ ဆက်စပ်ဝန်ကြီးဌာနအဖွဲ့အစည်းများအားလုံးနှင့်ပူးပေါင်းကာ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းမှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။




