ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်၊ဝန်ကြီးဌာနမှနိုင်ငံတော်အတွက်ဦးစားပေးဆောင်ရွက်နေသည့် လုပ်ငန်းများသတ်မှတ်ချိန်အတွင်း အောင်မြင်စွာဆောင်ရွက်နိုင်ရေး အစည်းအဝေးသို့ တက်ရောက်၊ကန့်သတ်ချက်အမျိုးမျိုးနှင့်အခက်အခဲကြားမှအောင်မြင်အောင်ဆောင်ရွက်ကြရေးမှာကြား။

ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်၊ဝန်ကြီးဌာနမှနိုင်ငံတော်အတွက်ဦးစားပေးဆောင်ရွက်နေသည့် လုပ်ငန်းများသတ်မှတ်ချိန်အတွင်း အောင်မြင်စွာဆောင်ရွက်နိုင်ရေး အစည်းအဝေးသို့ တက်ရောက်၊ကန့်သတ်ချက်အမျိုးမျိုးနှင့်အခက်အခဲကြားမှအောင်မြင်အောင်ဆောင်ရွက်ကြရေးမှာကြား။

   လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံတော်အတွက် လက်ငင်း ဦးစားပေးဆောင်ရွက်နေသည့် လုပ်ငန်းများသတ်မှတ်ကာလအတွင်း အောင်မြင်စွာဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၃၁ ရက်၊ ယနေ့နံနက် (၉)နာရီခွဲက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက် ကြပြီး တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက သက်ဆိုင်ရာ ဒေသများမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင်

ဝန်ကြီးဌာနက နိုင်ငံတော်အစိုးရ၏ ညွှန်ကြားချက်များ၊ နိုင်ငံတော်အတွက် လက်ငင်းဦးစားပေး ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်မြင်ရေးအတွက် အသိပေး ဆောင်ရွက်ရန်နှင့် လုပ်ငန်းလိုအပ်ချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးရန် အစည်းအဝေးကျင်းပရခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနက အသက် (၁၈)နှစ်ပြည့် နိုင်ငံသား အားလုံး ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်အဆင့် (၁)နဲ့(၂) များဖြင့် အခက်အခဲအမျိုးမျိုးကြားက တိုင်းဒေသကြီး/ပြည်နယ်အလိုက် သတ်မှတ်ကာလ များအတွင်းလျာထားချက်များကို ရာနှုန်းပြည့်နီးပါးဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခု ပန်းခင်းအဆင့် (၃) အဖြစ် ယာယီရွှေ့ပြောင်းနေထိုင်သူများနှင့် (၃၁-၁၂-၂၀၂၄) ရက်တွင် အသက် (၁၈) နှစ်ပြည့်လာ မည့်သူ စုစုပေါင်း (၂ ဒဿမ ၁) သန်းကျော်တို့အတွက် နိုင်ငံသားကတ်ပြားထုတ်ပေးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပန်းခင်းစီမံချက်အဆင့် (၃) ဆောင်ရွက်ရာတွင်လည်း နိုင်ငံသား ကတ်ပြားထုတ်ပေးသူများကို e-ID  စနစ် အတွက် Biographic / Biometric ကို တစ်ပါတည်း စိစစ် ကောက်ယူကာ ဂဏန်း(၁၀)လုံးပါသည့် Unique ID နံပါတ်များထုတ်ပေးရေး ဆောင်ရွက်ပေး သကဲ့သို့ ယခင်နိုင်ငံသားကတ်ပြားရှိပြီးသူများကိုလည်း ၎င်းတို့ရဲ့ Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ်ထုတ်ပေးခြင်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ကြရမှာဖြစ်ပါ ကြောင်း၊ ထို့နောက် Unique ID နံပါတ်ထုတ်ပေးပြီးသူ လူတစ်ဦးချင်း၏ အချက်အလက်တွေကို National Database အတွင်း စိစစ်အတည်ပြု ထည့်သွင်းခြင်းလုပ်ငန်းများကိုလည်း ညွှန်ကြားချက် များအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ထို့ပြင် နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်စွာပြုစုနိုင်ရေး အတွက်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြေပြင် ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းမှရရှိသည့် စာရင်းအချက်အလက်များကို e-ID Server အတွင်းရှိအချက်အလက်များနှင့် တိုက်ဆိုင်ပြင်ဆင်ဖြည့်စွက် အတည်ပြုသည့်လုပ်ငန်းများမှာ ယခုထက်တိုင် ဆောင်ရွက်နေဆဲဖြစ်ပါကြောင်း၊ e-ID စနစ်အတွက် Biometric ကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယခုအထိ e-ID Database အတွင်းသို့ စုစုပေါင်းလူဦးရေ (၇ ဒဿမ ၇)သန်းကျော်၏ အချက် အလက်များကို ဖြည့်သွင်းပြီး Unique ID နံပါတ်များ ထုတ်ပေးပြီးဖြစ်ပါကြောင်း၊ သို့သော်လည်း e-ID လုပ်ငန်းတွင် တိုင်းဒေသကြီး/ပြည်နယ် အလိုက် အချက်အလက်မပြည့်စုံမှု၊ ကွဲလွဲမှုများရှိနေသေးသည့်အတွက် ပြင်ဆင်ဖြည့်စွက်မှုများ ဆောင်ရွက်နေကြရပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် e-ID Dtaabase ရှိ စာရင်းများကိုအခြေခံ၍ မဲစာရင်းပြုစုရာတွင် အခြေခံအသုံးပြုရန် အသက်(၁၈)နှစ်နှင့်အထက် မဲစာရင်းများပြုစုကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုတင်ပြပြီး ခွင့်ပြုချက်ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သို့ တတိယအကြိမ်ပေးပို့ခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် (၃၁-၁၂-၂၀၂၅) ရက်တွင် အသက်(၁၈)နှစ်ပြည့်လာမည့် မဲပေးပိုင်ခွင့်ရှိသူစာရင်းကို တွက်ချက်အတည်ပြု၍ သတ်မှတ်ကာလ များအတိုင်းတင်ပြနိုင်ရေး ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ လာမည့် အောက်တိုဘာလ (၁) ရက်မှ (၁၅) ရက်အထိ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်း ဆောင်ရွက်မည်ဖြစ်ရာ ယင်းလုပ်ငန်းစဉ်သည် နိုင်ငံတော်အတွက် အရေးကြီးသည့်လုပ်ငန်း ဖြစ်သကဲ့သို့ စီမံချက်ပါသတ်မှတ်ချက်များအတိုင်း အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက်အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြမည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရာတွင် လက်ရှိ အခြေအနေအရ လုံခြုံရေးနှင့် လမ်းပမ်းဆက်သွယ်ရေး ခက်ခဲသည့်ဒေသများအတွက် စာရင်း ကောက်ယူမည့်ကာလ တိုးမြှင့်ကောက်ယူနိုင်ရေးအတွက်လည်း ကြိုတင်မျှော်တွေးဆောင်ရွက်ကြ ရန်နှင့် ဆောင်ရွက်မည့်အစီအမံအဆင့်ဆင့်ကို ကြိုတင်တင်ပြကြရန်လည်းလိုကြောင်း၊ ယခုကောက်ယူ မည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းမှရရှိသည့် လူဦးရေစာရင်းနှင့် မြေပြင်ကွင်းဆင်းကောက်ယူရာ မှ ပြုစုထားသည့်လူဦးရေစာရင်းကို နှိုင်းယှှဉ်သုံးသပ်ပြီး တိကျမှန်ကန်သည့်လူဦးရေစာရင်းကို ပြုစုသွားမည်ဖြစ်သည့်အတွက်လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် နိုင်ငံသားအရည်အချင်းမရှိသူများမပါရှိစေရေး၊ ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုးရှိသည့် နိုင်ငံသားများကိုသာဆင့်ခေါ်ရေး၊ နေရပ်လိပ်စာမှန်ကန်စေ ရေးတို့အတွက် ဆက်စပ်ဌာနများနှင့် နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်း၊ ဝန်ကြီးဌာနသည် ပြည်သူကို နေ့စဉ်နှင့်အမျှထိတွေ့ဆက်ဆံပြီး ဝန်ဆောင်မှုပေးနေရသည့် ဌာနတစ်ခုဖြစ်ရာ ပြည်သူကို ယဉ်ကျေးပျူငှာစွာ ဆက်ဆံဆောင်ရွက်ကြရန်နှင့် လုပ်ငန်းဆောင်ရွက် မှုတိုင်း၌ လုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အတွက် အရေးကြီးသည့် လက်ငင်းဦးစားပေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်း အောင်မြင်စွာပြီးစီးရေးအတွက် အလေးထား ကြိုးပမ်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်းကို ဝန်ထမ်းအားလုံး သိရှိနားလည်ကြရန်လိုကြောင်း၊ ယခု လုပ်ငန်းစဉ်များသည် တစ်ခုနဲ့တစ်ခု အပြန်အလှန် ချိတ်ဆက်နေသည့်အတွက် အချက်အလက်များ တိကျမှန်ကန်ရန် အရေးကြီးသည့်အပြင် ပြီးစီးရမည့်အချိန်ကာလသတ်မှတ်ချက်များ၊ ပြီးစီးရမည့် လျာထားပမာဏများ ရှိနေသည့်အတွက် ကန့်သတ်ချက်အမျိုးမျိုးနဲ့ အခက်အခဲမျိုးစုံကြားမှ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် စီမံချက် လုပ်ငန်းများနှင့်ပတ်သက်ပြီး ဆောင်ရွက်မှုအခြေအနေများ၊  ဆက်လက်ဆောင်ရွက်မည့်အစီအစဉ် များ၊ လုပ်ငန်းလိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ရှင်းလင်းဆွေးနွေး တင်ပြကြရန်လိုကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လက်ရှိအခြေအနေတွင် ပန်းခင်းစီမံချက်နှင့် e-ID စနစ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ မဲစာရင်း မှန်ကန်ရေးနှင့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရေးတို့အတွက်လုပ်ငန်းများ ဆောင်ရွက် နေမှု၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာလုပ်ငန်းအပေါ် ဌာနမှဆောင်ရွက်ပေးရမည့်အခြေအနေ များ၊ လုပ်ငန်းလိုအပ်ချက်များကို အသီးသီးရှင်းလင်းတင်ပြကြသည်။

          ယင်းနောက် အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်း များဆောင်ရွက်နေမှုများအပေါ် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက် ပေးရမည့်အခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးမည့်အစီအစဉ် များကို ရှင်းလင်းတင်ပြဆွေးနွေးကြပြီး ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်တို့က လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

          ထို့နောက် ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ယခုလုပ်ငန်းစဉ်များသည် နိုင်ငံတော်၏အနာဂတ်အတွက် အရေးကြီးသည့် လုပ်ငန်းစဉ်များဖြစ်ပြီး ဥပဒေလုပ်ထုံးလုပ်နည်းနှင့်ဆောင်ရွက်ကြရေးနှင့် နယ်မြေ ဒေသအခြေအနေနှင့် လုပ်ငန်းဆိုင်ရာအခက်အခဲများအား အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက် ကြရေး၊ လုပ်ငန်းများသတ်မှတ်ကာလအတွင်း ပြီးစီးအောင်မြင်ရေးတို့အတွက် ဝန်ထမ်းအားလုံး စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ညနေပိုင်းတွင် ရုတ်သိမ်းလိုက်သည်။