
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာ ပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီခွဲက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဉီးအောင်မြင့်လွင်၊ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU) အဖွဲ့ဝင်များနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကား ပြောကြားရာတွင် အဂတိလိုက်စားမှုသည် ကမ္ဘာ့နိုင်ငံအများအပြားတွင် ရင်ဆိုင်ဖြေရှင်း နေရသည့် ပြဿနာတစ်ခုအဖြစ် ရှိနေသည်ကို တွေ့ရပြီး ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် အဟန့်အတား ဖြစ်စေနိုင်သည့် ကပ်ရောဂါဆိုးတစ်ခု ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုများကြောင့် လူတစ်ဉီးချင်းစီ၏ အကျင့်စာရိတ္တများ ပျက်စီးလာပြီး မျှတမှုရှိသည့် ယှဉ်ပြိုင်လိုစိတ်များ လျော့နည်း လာသကဲ့သို့ ကိုယ်ရည်ကိုယ်သွေးများ ကျဆင်းလာကာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကိုလည်း နောက်ကျ စေမည်ဖြစ်ပါ ကြောင်း၊ ယင်းအခြေအနေတွင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အဟန့်အတား ဖြစ်ကာ ပြည်သူလူထုအနေဖြင့် ဝန်ထမ်းများအပေါ် ယုံကြည်မှု လျော့ကျစေသည့်အပြင် နိုင်ငံ၏ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုတို့ကိုပါ ယိုယွင်းပျက်စီးစေနိုင်ပါကြောင်း၊ အဂတိလိုက်စားမှု သည် နယ်ပယ်အသီးသီး၌ ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပွားနိုင်ပြီး အဂတိလိုက်စားမှုကို ကျူးလွန်ပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဉပဒေဖြင့် အရေးယူခံရမည့်အပြင် မိမိပတ်ဝန်းကျင်၊ မိမိအသိုင်းအဝိုင်း တွင်လည်း ဂုဏ်သိက္ခာထိခိုက်ကျဆင်းစေမည် ဖြစ်သည့်အတွက် ဝန်ထမ်းတိုင်းက အသိတရားရှိရှိဖြင့် သတိတရားနှင့် ရှောင်ကြဉ်ကြရန်လိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အဓိကလုပ်ငန်းတာဝန် (၄) ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် ပြည်သူကိုဗဟိုပြု၊ ပြည်သူများ၏ လိုအပ်ချက် ကို ဖြည့်ဆည်းဆောင်ရွက်ပေးရသည့် ဌာနတစ်ခုဖြစ်ပါကြောင်း၊ ယင်းသို့ ပြည်သူကို ထိရောက်သည့် ဝန်ဆောင်မှုများပေးနိုင်ရန် အဂတိတရားကင်းရှင်းရန် အရေးကြီးပါကြောင်း၊ ပြည်သူကို ကြည်သာရွှင်ပြစွာ၊ ယဉ်ကျေးပျူငှာစွာဆက်ဆံပြီး ဌာန၏တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ အဂတိတရားကင်းကင်းဖြင့် ဆောင်ရွက်ပေးကြရမည်ဖြစ်သကဲ့သို့ တာဝန်ရှိသူအဆင့်ဆင့်ကလည်း အလေးထား ကြပ်မတ် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်နိုင်ရေး အတွက် ဝန်ကြီးဌာန၏ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU)ကို ဖွဲ့စည်းထားရှိ ဆောင်ရွက်လျက်ရှိပြီး အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ် ဆောင်ရွက်ခြင်း၊ အဂတိလိုက်စားမှုနှင့် ပတ်သက်ပြီး ပြည်သူများအလွယ်တကူ တိုင်ကြားနိုင်ရန ဝန်ကြီးဌာန၏ မြို့နယ်ရုံးများ၌ အကြံပြု တိုင်ကြားစာ စာတိုက်ပုံးများ ထားရှိခြင်းတို့ ဆောင်ရွက်ကာ တိုင်ကြားပေးပို့လာမှုအပေါ် စိစစ်အရေးယူ ဖြေရှင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ထမ်းများ အနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရန်၊ ပြည်သူအပေါ် ကျောသားရင်သားမခွဲခြားဘဲ ဥပဒေနှင့်အညီ မျှတစွာ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယခုကဲ့သို့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ တာဝန်ရှိသူများ၏ အသိပညာပေးရှင်းလင်းဆွေးနွေးမှုများကို သေသေချာချာ လေ့လာမှတ်သားပြီး မရှင်းလင်းသည့်အချက်များရှိပါက ပွင့်ပွင့်လင်းလင်း မေးမြန်းဆွေးနွေးကြရန် လိုကြောင်း၊ ယခု ရှင်းလင်းဆွေးနွေးပွဲမှရရှိမည့် အသိအမြင် ဗဟုသုတများကို မိမိကိုယ်တိုင် သိရှိနားလည်သကဲ့သို့ မိမိမှတစ်ဆင့် မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည်မျှဝေ ပေးကြရန်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်း ပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။
ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဉီးအောင်မြင့်လွင်က အစိုးရ ဌာနအသီးသီးမှ ဝန်ထမ်းများအနေဖြင့် ပေးအပ်ထားသည့် ရာထူးနှင့် လုပ်ပိုင်ခွင့်များကိုသုံး၍ အများပြည်သူအကျိုးကို ဖော်ဆောင်ရာတွင် အများအကျိုးထက် ကိုယ့်အကျိုးကိုကြည့်၍အလေးသာ ဆုံးဖြတ်ဆောင်ရွက်ပါက အဂတိလိုက်စားမှုမြောက်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းတိုင်း အဂတိလိုက်စားမှု၏ ဘေးအန္တရာယ်နှင့် သဘောသဘာဝများကို သိရှိရှောင်ကြဉ်ပြီး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ သို့မှသာ အဂတိလိုက်စားမှုကို လက်မခံသည့်၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူမှုအသိုက်အဝန်းကို ဖန်တီးဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများက အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဆိုင်ရာ သိကောင်းစရာများကို အသီးသီး ရှင်းလင်းဆွေးနွေးကြပြီး ဝန်ထမ်းများ၏ သိရှိလို၍ မေးမြန်းချက်များ အပေါ် ပြန်လည်ရှင်းလင်းပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။
အခမ်းအနားအပြီးတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဉီးအောင်မြင့်လွင် သည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့ (Corruption Prevention Unit-CPU) အဖွဲ့ဝင်များအား အဆိုပါခန်းမ၌ပင် တွေ့ဆုံကာ CPU အဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များအပေါ် သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။




