
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (United Nations Population Fund-UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig နှင့်အဖွဲ့အား ဩဂုတ်လ (၂၅)ရက်၊ ယနေ့မွန်းလွဲ(၂)နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန် ဦးမင်းဟိန်း၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦး၊ ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခိုင်ခိုင်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင် စာရင်း အောင်မြင်စွာကောက်ယူပြီးစီးမှု၊ ရှေ့ပြေးလူဦးရေစာရင်းထုတ်ပြန်ပြီးစီးမှုနှင့် မကြာမီ ပြည်ထောင်စုအဆင့် ပင်မအစီရင်ခံစာထုတ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှု၊ ဝန်ကြီးဌာနနှင့် UNFPA တို့အကြား ၂၀၁၄ ခုနှစ်၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း အပါအဝင် လူဦးရေဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့မှုနှင့် လက်ရှိ အခြေအနေတွင် UNFPA အနေဖြင့် ဝန်ကြီးဌာနနှင့်ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ ထပ်မံ ပူးပေါင်းဆောင်ရွက်နိုင်ရေးအခြေအနေ၊ UNFPA ၏ နိုင်ငံခြားသားဝန်ထမ်းများ ပြည်ဝင်ဗီဇာနှင့် နေခွင့်ဆိုင်ရာကိစ္စရပ်များ အဆင်ပြေစေရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုဆောင်ရွက် ပေးမှု၊ မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေအား UNFPA ရုံးချုပ်သို့အသိပေး ပြောကြားနိုင်ရေးနှင့် UNFPA အနေဖြင့် လာမည့်ကာလများအတွင်း ဝန်ကြီးဌာနနှင့် ဆက်လက် လက်တွဲ ပူးပေါင်းဆောင်ရွက်နိုင်ရေးအခြေအနေတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။




