
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခန့်မွန်ဆွေ နှင့်တာဝန်ရှိသူများလိုက်ပါလျက် နိုဝင်ဘာလ ၆ ရက်၊ ယနေ့နံနက်ပိုင်းက ဧရာဝတီ တိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့သို့သွားရောက်၍ မြို့နယ်ခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကန်ကြီးထောင့်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး/ပျောက်ဆုံးသွားသည့် ဒေသခံပြည်သူ များနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိရေးအတွက် လာရောက်ဆောင်ရွက်ကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ လုပ်ငန်းဆိုင်ရာအခက်အခဲများကို မေးမြန်းဆွေးနွေးပြီး ဝန်ထမ်းများက ဒေသခံ ပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီစိစစ်၍ One Stop Service ဖြင့် လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်နေမှုနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ် တစ်ပါတည်းဆောင်ရွက် ထုတ်ပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား လုပ်ငန်း လိုအပ်ချက်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါခန်းမ၌ပင် ကန်ကြီးထောင့်မြို့နယ်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတို့မှ ဝန်ထမ်းများစုပေါင်း၍ မဲဆန္ဒရှင်စာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိသူ များအား လုပ်ငန်းလိုအပ်ချက်များ မှာကြားညှိနှိုင်းဆောင်ရွက်ပေးပြီး One Stop Service ဖြင့်ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားစီစစ်ရေးကတ်ပြားများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ အသီးသီးပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကန်ကြီးထောင့်မြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက် ၍ ရုံးခန်းများအခြေအနေနှင့် မှတ်တမ်းခန်းအတွင်း ကိုယ်ရေးမှတ်တမ်းများ စနစ်တကျထိန်းသိမ်း ထားရှိမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား လုံခြုံရေးအထူးဂရုပြု ဆောင်ရွက်ကြရန်နှင့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် တာဝန်ကျရာကဏ္ဍ အသီးသီးမှ တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြာပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက် ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။




