
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများ၊အလှူရှင်များ၊ဒေသခံ ရပ်မိရပ်ဖများနှင့်အတူ နိုဝင်ဘာလ ၈ ရက်၊ ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့ စက်ရုံဓမ္မရိပ်သာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည့် ပန်းပေါင်းစုံဘုရားအဆူ (၁၁၀၀) အနေကဇာတင်လှူ ပူဇော်ပွဲသို့ တက်ရောက်ကြည်ညိုသည်။
အစီအစဉ်ရ ရှေးဦးစွာ ကျုံမငေးမြို့၊ စက်ရုံဓမ္မရိပ်သာကျောင်းတိုက် ဦးစီးပဓါန နယကဆရာတော် နိုင်ငံတော်ဩဝါဒစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္ဒဝါစကပဏ္ဍိတ ဘဒ္ဒန္တသုမန အမှူးပြုသော ဆရာတော်ကြီးများကကျုံမငေးမြို့ရှိ မြို့ပေါ် ရပ်ကွက်များ၊အနီးပတ်ဝန်ကျင်ကျေးရွာများမှ ပြည်သူများကြည်ညို ပူဇော်နိုင်ရန် လှူဒါန်းမည့် ပန်းပေါင်းစုံဘုရားအဆူ (၁၁၀၀)ကို အနေကဇာတင်လှူပူဇော်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊အလှူရှင်များက စက်ရုံဓမ္မာရိပ်သာကျောင်းတိုက် ဆရာတော်ကြီးအား အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြပြီးနောက် ဆွမ်းစားဆောင်တွင် ဆရာတော် သံယာတော်များ၊သီလရှင်များနှင့်ယောဂီများအား အာရုဏ်ဆွမ်းဆက်ကပ် လှူဒါန်း ကြသည်။အဆိုပါနေ့ရက်တွင် စက်ရုံဓမ္မရိပ်သာကျောင်းတိုက်အတွင်းရှိ ရဟန်းသံဃာနှင့်သီလရှင် များ၊ တရားစခန်းဝင် ယောဂီများအပါအဝင် အင်အား (၄၅၀၀)ကျော်အတွက် တစ်နေ့တာ ဆွမ်းအလှူ ကုန်ကျစရိတ်များအား အလှူရှင်များနှင့် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊မိသားစုတို့က လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယင်းနောက် စက်ရုံဓမ္မရိပ်သာကျောင်းတိုက်ဆရာတော်ကြီးအား သိက္ခာတော်ထပ်မင်္ဂလာ အခမ်းအနားကို ဆက်လက်ကျင်းပပြီး ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ အလှူရှင်များက ကျောင်း တိုက်အတွင်းရှိ ဆရာတော်ကြီးများအား သိမ်ဆင်းလောင်းလှူပူဇော်ကြသည်။
ဆက်လက်၍ ရေစက်ချ အခမ်းအနားကို ကျောင်းတိုက်ဓမ္မာရုံကြီး၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့်ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ဆရာတော်ကြီးထံမှ အနုမောဒနာ တရားနားယူကြကာ လှူဒါန်းမှု အစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ဝါးခယ်မြို့သို့သွားရောက်၍ ဝါးခယ်မမြို့ ရွှေခယ်သီရိခန်းမ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲနှင့် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတို့မှ ဝန်ထမ်း များစုပေါင်း၍ မဲစာရင်း မှန်ကန်ရေးအတွက် မြေပြင်လူဦးရေးတိုက်ဆိုင် စီစစ်ဆောင်ရွက် နေမှုအခြေအနေများကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ၊ ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပျက်စီး/ ပျောက်ဆုံး သွားသည့် ဒေသခံပြည်သူ များနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား မရရှိသေးသည့် ပြည်သူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် ဆောင်ရွက်ပေးနေမှုကို လည်းကောင်း၊ နိုင်ငံသားကတ်ပြားရရှိ ပြီးသူများအား e-ID စနစ်ဖြင့် Biographic/Biometric ကောက်ယူကာ Unique ID နံပါတ် တစ်ပါတည်းဆောင်ရွက် ထုတ်ပေးနေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှု အားပေးကာ တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်ခန်းမအတွင်းလုပ်ငန်းဆောင်ရွက်နေသည့် ဌာန ဆိုင်ရာတာဝန်ရှိသူများအားတွေ့ဆုံကာ မဲဆန္ဒရှင်စာရင်း မှန်ကန်ရေးနှင့် အထွေထွေရွေးကောက် ပွဲ အောင်မြင်အောင်ကျင်းပနိုင်ရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် နိုင်ရေးရှင်းလင်းမှာကြားကာ ဌာနအလိုက်တာဝန်ခံများအား အလှူရှင်များလှူဒါန်းသည့် စားသောက်ဖွယ်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား ဆိုလာမီးလုံးများအား အသီးသီး ထောက်ပံ့ပေးအပ်ပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။




