ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝါးခယ်မမြို့နယ်၊ကျုံမငေးမြို့၌ ပန်း‌ပေါင်းစုံဗုဒ္ဓရုပ်ပွား ဆင်းတုတော်များ အနေကဇာတင်အခမ်းအနားတက်ရောက်ကြည်ညို၊ ကနစိုးကုန်း ကျေးရွာ၌ ကျင်းပသည့် ခရစ်စမတ်ပွဲတော် တက်ရောက်အားပေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝါးခယ်မမြို့နယ်၊ကျုံမငေးမြို့၌ ပန်း‌ပေါင်းစုံဗုဒ္ဓရုပ်ပွား ဆင်းတုတော်များ အနေကဇာတင်အခမ်းအနားတက်ရောက်ကြည်ညို၊ ကနစိုးကုန်း ကျေးရွာ၌ ကျင်းပသည့် ခရစ်စမတ်ပွဲတော် တက်ရောက်အားပေး။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများ၊ရပ်မိရပ်ဖများနှင့်အတူ ဒီဇင်ဘာလ ၂ ရက်၊နံနက် (၅) နာရီခွဲက ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ကျုံမ‌ငေးမြို့၊ မြတ်စွယ်တော်ဈေးကျောင်း ပရိယတ္တိ စာသင်တိုက်ရှိ ပရိယတ္တိ ပဋိပတ္တိဓမ္မစင်တာ၌   ကျင်းပသည့် ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားဆင်းတုတော် အဆူ (၅၀၀) အနေကဇာတင် မင်္ဂလာအခမ်အနားသို့ တက်ရောက်ရာ ရှေးဦးစွာ ကျုံမငေးမြို့ မြတ်စွယ်တော်ဈေးကျောင်း ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနမဟာနာယက၊ ဩဝါဒါ စရိယ၊ သာသနဓဇဓမ္မာစရိယ ၊ ပရိယတ္တိဓမ္မာနုဂ္ဂဟဓမ္မာစရိယ ၊ ဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ ဇောတိကဓဇ ဘဒ္ဒန္တပညာဇောတ အမှူးပြုသော ပင့်သံဃာဆရာတော်ကြီးများက ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအား အနေကဇာတင်လှူပူဇော်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဆရာတော်ကြီးများအား အာရုံဆွမ်းဆက်ကပ် လှူဒါန်းပြီး ဧည့်ပရိတ်သတ်များအား နံနက်စာကျွေးမွေးလှူဒါန်းသည်။

ထို့နောက် မြတ်စွယ်တော်ဈေးကျောင်း ပရိယတ္တိစာသင်တိုက် ဆရာတော်ကြီး၏ သိက္ခာ ထပ် မင်္ဂလာအခမ်းအနားကို အဆိုပါကျောင်းတိုက်သိမ်တော်အတွင်း၌ ကျင်းပပြီး အလှူရှင် များက ဆရာတော်သံဃာတော်များအား သိမ်ဆင်းလောင်းလှူကြသည်။

ယင်းနောက် ရေစက်ချအခမ်းအနားကို ဓမ္မစင်တာအတွင်း၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့်ဧည့်ပရိတ်သတ်များက ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက် တည်ကြပြီး ဆရာတော်ကြီးအား သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ဆရာတော် ကြီးထံမှ အနုမောဓနာ တရားနားယူကြကာ လှူဒါန်းမှုအစုစုတို့တွက်ရေစက်သွန်းချ အမျှပေး ဝေပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။

ထို့မှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ဝါးခယ်မမြို့နယ် ကနစိုးကုန်းကျေးရွာသို့ သွားရောက်၍ အဆိုပါကျေးရွာရှိ ကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းခံရသောသခင်မဘုရားကျောင်း ၌ ကျင်းပသည့် ခရစ်စမတ်ပွဲတော်သို့ တက်ရောက်အားပေးသည်။

အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က အမှာစကားပြောကြားရာ တွင် ယနေ့ကျင်းပသည့် ခရစ်စမတ်ပွဲတော်သို့ တက်ရောက်လာကြသော ခရစ်ယာန်ဘာသာဝင် များနှင့် ဧည့်ပရိတ်များအားလုံးအား နှုတ်ခွန်းဆက်သအပ်ပါကြောင်း၊ ခရစ်စမတ်ပွဲတော်အား ပါဝင်ဆင်နွဲခွင့်ရသည့်အတွက် ခရစ်တော်ဖွားမြင်ခြင်းနှင့်အတူပါရှိလာသည့် ငြိမ်းချမ်းခြင်းနှင့် ချစ်ခြင်းမေတ္တာများကို အလေးအနက်ထားခံယူပါကြောင်း၊ မြန်မာနိုင်ငံတွင်လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်ရှိသည်နှင့်အညီ နိုင်ငံတော်အစိုးရအနေဖြင့် ဘာသာပေါင်းစုံ ချစ်ကြည်‌ရေးကိုလည်း အစဉ်တစိုက်အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘာသာတရားတိုင်း၏ အနှစ်သာရသည် လူသားအချင်းချင်းမေတ္တာထားရှိရန်၊ တစ်ဦးအပေါ်တစ်ဦး သည်းခံခွင့်လွတ်ကြရန်နှင့်ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြရန် ဖြစ်ပါကြောင်း၊ယခုကျရောက်သည့် ခရစ်စမတ်အခါသမယမှသည် အနာဂတ်တွင် ခရစ်တော်၏မေတ္တာတရား၊ ငြိမ်းချမ်းခြင်းတရားတို့ လွမ်းခြုံနိုင်ကြရန် ဆုတောင်း မေတ္တာပို့သအပ်ပါကြောင်းဖြင့် နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် ဘုရားကျောင်းမှ ဆရာတော်ဖာသာတစ်ဦးက ခရစ်စမတ်နေ့နှင့်ပတ်သက်၍ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီးနောက် ပြည်ထောင်စုဝန်ကြီးက ဘုရားကျောင်းအတွက် ဆိုလာမီးနှင့် စာသောက်ဖွယ်ရာလက်ဆောင်ပစ္စည်းများကို ပေးအပ်လှူဒါန်းပြီး ဖာသာတစ်ဦးက အမှတ်တရလက်ဆောင်ပြန်လည်ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်ဧည့်ပရိတ်သတ်များအား ခရစ်ယာန် လူငယ်အဖွဲ့က ခရစ်စမတ်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေပေးပြီးနောက် ပြည်‌ထောင်စုဝန်ကြီးသည် ဘုရားကျောင်းသို့ လာရောက်ကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကျုံမငေးမြို့၊ ဥုံစရီရာမလက္ခဏ ဘုရားကျောင်းသို့သွားရောက်၍ ကျောင်းတာဝန်ခံအား ဆိုလာမီး၊ အလှူငွေနှင့် လှူဖွယ်ပစ္စည်း များကိုလည်းကောင်း၊ ရွှေသုဿန်ဘုန်းကြီးကျောင်းသို့ သွားရောက်၍ ‌ရွှေသုဿန်ကျောင်း ဆရာတော်အား သင်္ကန်း၊ ဆိုလာမီးနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း အသီးသီး လှူဒါန်းခဲ့ကြောင်းသတင်းရရှိသည်။