
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများ လိုက်ပါလျက် ဇန်နဝါရီလ ၇ ရက်၊ ယနေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်း ဒေသကြီး မော်လမြိုင်ကျွန်းမြို့သို့သွားရောက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး/ပျောက်ဆုံးသွားသည့် ဒေသခံပြည်သူများနှင့် အသက်(၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား မလျှောက်ထားသေးသူများအား ပန်းခင်းစီမံချက် အဆင့် (၃)ဖြင့် ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးကာ လာရောက်ဆောင်ရွက်ကြသည့် ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒေသခံပြည်သူများအနေဖြင့် အထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံသားကတ်ပြား ပျက်စီး/ပျောက်ဆုံးမှုကြောင့် မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး နှင့် နိုင်ငံသားကတ်ပြား ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ဝန်ထမ်းများက ဒေသခံပြည်သူများ အား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးနိုင်ရန် လုပ်ထုံးလုပ်နည်းနှင့်အညီစိစစ်၍ One Stop Service ဖြင့် လုပ်ငန်းစဉ် အဆင့်ဆင့်ဆောင်ရွက်နေမှုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ်တစ်ပါတည်း ဆောင်ရွက်ထုတ်ပေး နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြို့နယ်ရုံး၏ ရုံးခန်းများအတွင်း ရုံးစာရွက် စာတမ်းများနှင့် ရုံးသုံးပစ္စည်းများထိန်းသိမ်းထားရှိမှု၊ မှတ်တမ်းခန်းအတွင်း ကိုယ်ရေးမှတ်တမ်း များ စနစ်တကျထိန်းသိမ်းထားရှိမှုနှင့် ရုံးဝန်းအတွင်းမိုးရာသီရေကြီးရေလျှံမှု မရှိစေရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စာရွက် စာတမ်းနှင့် စက်ပစ္စည်းကိရိယာများ လုံခြုံမှုရှိစေရေး၊ မော်လမြိုင်ကျွန်းမြို့နယ်အနေဖြင့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပမည့်မြို့နယ်ဖြစ်သည်နှင့်အညီ မြို့နယ်အတွင်း မဲပေးပိုင်ခွင့် ရှိသူတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် အလေးထား ဆောင်ရွက်ကြရန်မှာကြာပြီး တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး၍ ဝန်ထမ်းများအတွက်ထောက်ပံ့ငွေနှင့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မော်လမြိုင်ကျွန်းမြို့နယ်၊ ချမ်းမြေ့ဘိုးဘွား ရိပ်သာသို့သွားရောက်၍ ရိပ်သာမှ တာဝန်ရှိသူများနှင့် အဘိုးအဘွား (၂၀) ဦးအားတွေ့ဆုံကာ မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲတွင် အဘိုးအဘွားများ မဲပေးပိုင်ခွင့် မဆုံးရှုံး စေရေးနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်မဲပေးနိုင်ရေး၊ နိုင်ငံသားကတ်ပြား ပျောက်ဆုံး /ပျက်စီးပါက သက်ဆိုင်ရာ မြို့နယ်လဝကရုံးသို့ ပြန်လည်လျှောက်ထားရယူကိုင်ဆောင်နိုင်ရေး၊ အဘိုးအဘွားများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာ ဆောင်ရွက် ပေးမှုအခြေအနေများနှင့် စပ်လျဉ်း၍ လိုက်လံကြည့်ရှုမေးမြန်းကာ အလှူငွေ နှင့် စားသောက်ဖွယ်ရာများကို အဘိုးအဘွားတစ်ဦးချင်းထံ လိုက်လံဝေငှပေးအပ်လှူဒါန်းသည်။
ထိုနောက် ပြည်ထောင်စုဝန်ကြီးသည် အဘိုးအဘွားများအား ရှိခိုးကန်တော့ပြီးနောက် ဘိုးဘွားရိပ်သာမှ တာဝန်ရှိသူများအား ဘိုးဘွားရိပ်သာအတွက် ဆိုလာမီးများနှင့် စားသောက် ဖွယ်ရာများကို ပေးအပ်လှူဒါန်းကာ ဘိုးဘွားရိပ်သာဧည့်သည်တော်မှတ်တမ်းတွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးပြီး အဘိုးအဘွားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မော်လမြိုင်ကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား တွေ့ဆုံကာ လက်ရှိနိုင်ငံတော်အစိုးရ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပနေမှုနှင့် မော်လမြိုင်ကျွန်းမြို့နယ်အနေဖြင့် အပိုင်း(၃)၌ ကျင်းပဆောင်ရွက်မည့်အခြေအနေ၊ နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ခဲ့ သည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းက ကြိုးပမ်းဆောင်ရွက်နိုင်ရေး၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ ရွေးကောက်ပွဲတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်မဲပေးနိုင်ရေးနှင့် ကတ်ပြား ပျောက်ဆုံး/ ပျက်စီးပါက သက်ဆိုင်ရာလဝကရုံးသို့ ဆက်သွယ်လျှောက်ထား ဆောင်ရွက်နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားကာ တာဝန်ရှိသူ များ၏ တင်ပြချက် များအပေါ်လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက်ပြည်ထောင်စုဝန်ကြီးသည် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား စားသောက် ဖွယ်ရာပစ္စည်းများ လိုက်လံ့ဝေငှပေးအပ်ပြီး တာဝန်ရှိသူများအား စစ်မှုထမ်းဟောင်းအဖွဲ့ရုံး အတွက် ဆိုလာမီးများနှင့် စားသောက်ဖွယ်ရာပစ္စည်းများအား ထောက်ပံ့ပေးအပ်၍ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။




