ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဌာနပိုင် ဇင်ယော်ရေယာဉ်များ အကြီးစား ပြင်ဆင် ပြီးစီးမှု လှည့်လည်ကြည့်ရှုစစ်ဆေး၊ ရေကြောင်းဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ဆောင်ရွက် သည့် ဝန်ထမ်းများအား တွေ့ဆုံမှာကြား၊

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဌာနပိုင် ဇင်ယော်ရေယာဉ်များ အကြီးစား ပြင်ဆင် ပြီးစီးမှု လှည့်လည်ကြည့်ရှုစစ်ဆေး၊ ရေကြောင်းဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ဆောင်ရွက် သည့် ဝန်ထမ်းများအား တွေ့ဆုံမှာကြား၊

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီလ (၂၃) ရက်၊  ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး၊ ကျောက်တံတားမြို့နယ်၊  Yangon Innovation Centre (YIC) ရှေ့ရှိ ကျန်းမာရေး ဆိပ်ခံတံတား၌ ဆိုက်ကပ်ထားသော ရေကြောင်းဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ဆောင်ရွက်သည့် ဌာနပိုင်ဇင်ယော်များအား သွားရောက်ကြည့်ရှု စစ်ဆေးရာ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အကြီးစားပြင်ဆင်ပြီးဖြစ်သည့် ဇင်ယော်ရေယာဉ် (၁)၊ (၂)၊ (၃) စသည့် ရေယာဉ် (၃) စီးပေါ်သို့ တက်ရောက်ကာ ရေယာဉ်တစ်စင်းချင်းအလိုက် ဝန်ထမ်းများ တာဝန်ထမ်းဆောင်မှု၊ ရေယာဉ်စက်ခန်းနှင့် တက်မခန်းများအခြေအနေ၊ ရေယာဉ် လူဝင်မှု စစ်ဆေးရေးတာဝန်ထမ်းဆောင်မည့် ကုန်းပတ်များနှင့် ဝန်ထမ်းများအနေဖြင့် ရေယာဉ် ပေါ်တွင် လိုက်ပါစီးနင်းဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ထားရှိမှု၊ မီးဘေးအန္တရာယ်နှင့် သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးနိုင်ရေး စိစစ်ထားရှိမှုအခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီးတာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးအား လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့်ရေဆိပ်တာဝန်ခံအရာရှိက ဇင်ယော်ရေယာဥ်များ အကြီးစာပြင်ဆင်ဆောင်ရွက်ခဲ့မှု၊ လက်ရှိရေဆိပ်လူဝင်မှုစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြ ကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက်ပြည်ထောင်စုဝန်ကြီးသည် ဇင်ယော်ရေယာဉ်များရှေ့ရှိ ဆိပ်ခံတံတား၌ ရေယာဉ်ဝန်ထမ်းများနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စစ်ဆေးဆောင်ရွက်သည့် ဝန်ထမ်းများ အားတွေ့ဆုံအမှာစကားပြောကြားရာတွင် ယခုအခါ ဇင်ယော်ရေယာဉ် (၃) စီးကို အကြီးစား ပြင်ဆင်ဆောင်ရွက်ပြီးဖြစ်သည့် အတွက် ရေကြောင်းဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင် မည်ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင်လည်း ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ကာ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အဓိကထား ဆောင်ရွက် ကြရန်လိုကြောင်း၊ ဇင်ယော်ရေယာဉ် များဖြင့် တာဝန်ထမ်းဆောင်ကြသည့် ဝန်ထမ်းများအနေဖြင့် ရေကြောင်း ဆိုင်ရာနှင့် သင်္ဘောသား ဆိုင်ရာ ပညာရပ်များလေ့လာဆည်းပူးကာ လုပ်ငန်းများ ကျွမ်းကျင်မှု ရှိစေရေး အမြဲမပြတ် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ အကြီးစားပြင်ဆင်ပြီး ဖြစ်သည့် ဇင်ယော်ရေယာဉ်များ အမြဲကြံ့ခိုင်ကောင်းမွန်မှုရှိစေရေး၊ မီးဘေးအန္တရာယ်နှင့် သဘာဝဘေး အန္တရာယ်ဖြစ်ပွားမှု မရှိစေရေး၊ ဝန်ထမ်းများနှင့် ရေယာဉ်များ လုံခြုံမှုရှိစေရေး၊ အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ် မဖြစ်ပွားရေးတို့အတွက် တာဝန်ရှိသူအဆင့်ဆင့်က အမြဲကြပ်မတ် စစ်ဆေးဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတကာမှ ဆိုက်ကပ်လာသည့် ပင်လယ်ကူးသင်္ဘော များအတွက် ရေကြောင်းဆိုင်ရာ လူဝင်မှုစစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီစစ်ဆေး၍ ယဉ်ကျေးပျူငှာစွာ ဝန်ဆောင်မှု ပေးကြရန်လိုကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းမှာကြားပြီး ဝန်ထမ်းများအတွက်ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။