ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၌ကျင်းပသည့် (၉၇) ကြိမ်မြောက် အတုလဗုဒ္ဓ၊ မဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဗုဒ္ဓစွယ်တော်မြတ်အား ရွှေကျောင်းတော်ပေါ်သို့ ပင့်ဆောင်ကြည်ညို။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၌ကျင်းပသည့် (၉၇) ကြိမ်မြောက် အတုလဗုဒ္ဓ၊ မဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဗုဒ္ဓစွယ်တော်မြတ်အား ရွှေကျောင်းတော်ပေါ်သို့ ပင့်ဆောင်ကြည်ညို။

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့ရှိ အတုလဗုဒ္ဓ၊ မဟာစွယ်တော်မြတ် (၉၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို ဖေဖော်ဝါရီလ ၂၇ ရက်၊ယနေ့ မွန်းတည့် (၁၂) နာရီက မြတ်စွယ်တော်ဘုရားတန်ဆောင်း၌ကျင်းပရာ အခမ်းအနားသို့ မြတ်စွယ်တော် ဈေးကျောင်း ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနမဟာနာယကဩဝါဒါစရိယ ၊သာသနာဓဇဓမ္မာ စရိယ၊ ပရိယတ္တိဓမ္မနုဂ္ဂဟဓမ္မာစရိယ၊ ဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမဇောတိကဓဇ ဘဒ္ဓန္တ ပညာဇောတ အမှူးပြုသော ဩဝါဒါစရိယ ဆရာတော်ကြီးများကြွရောက်တော်မူကြပြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြတ်စွယ်တော်ဂေါပကအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖ များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြည်ညို ကြသည်။

အစီအစဉ်အရ ရှေးဦးစွာ ဩဝါဒါဆရာတော်ကြီးများနှင့် ဧည့်ပရိတ်သတ်များက အခမ်း အနားကို နမောတသ သုံးကြိမ်ရွတ်ဆိုဘုရားကန်တောဖွင့်လှစ်ကြပြီးနောက် ပြည်ထောင်စု ဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက မြတ်စွယ်တော် ဈေးကျောင်း ပရိယတ္တိဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး အနုမောဒနာတရား နာကြား ကြကာ ဆရာတော်ကြီးများအား ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးတို့က လှူဘွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် မြတ်စွယ်တော် အတွက် နဝကမ္မအလှူငွေများကို အသီးသီးပေးအပ်လှူဒါန်းကြရာ မြတ်စွယ်တော်ဂေါပက အဖွဲ့ဝင်များက လက်ခံရယူကြသည်။

ယင်းနောက် (၉၇)ကြိမ်မြောက်အတုလဗုဒ္ဓမဟာစွယ်တော် မြတ်ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို မြတ်စွယ်တော်ဈေးကျောင်း ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဓန္တပညာဇောတ၊ ပြည်ထောင်စု ဝန်ကြီးဦးမြင့်ကြိုင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် မြတ်စွယ်တော် ဧည့်သည်တော်မှတ်တမ်းတွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးကြသည်။

ထို့နောက် မြတ်စွယ်တော် ဂေါပကအဖွဲ့က သစ်ကနက်စစ် နတ်သစ်ရုပ်ပွားတော်မြတ်နှင့် ဇမ္ဗူပတိရုပ်ပွားတော်မြတ်တို့အား ဂန္ဓကုဋိတိုက်တော်မှယာယီရွှေကျောင်းတော်ပေါ်သို့ ပင့်ဆောင် ပူဇော်ကြသည်။

           ဆက်လက်၍ ဩဝါဒစရိယဆရာတော်ကြီးများနှင့် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က အတုလဗုဒ္ဓ လက်ဝဲအောက်စွယ်တော်မြတ်အား ဂန္ဓကုဋိတိုက်တော်မှ ယာယီ ရွှေကျောင်းတော်ပေါ်သို့ ပင့်ဆောင်ပူဇော်ကြပြီးနောက် ဧည့်ပရိတ်သတ်များနှင့်အတူ ဖွင့်ပွဲအခမ်း အနားကို ဗုဒ္ဓသာသနံ စိရိတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းလိုက်သည်။

           အဆိုပါ အတုလဗုဒ္ဓလက်ဝဲအောက်စွယ်တော်မြတ်အား ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာ ပြည်သူများ ဖူးမြော်ကြည်ညိုပူဇော်နိုင်ရန် ယာယီရွှေကျောင်းတော်၌ ယနေ့ဖေဖော်ဝါရီလ (၂၇) ရက် မှ မတ်လ (၆) ရက်အထိ ကိန်းဝပ်စံပ္ပါယ် အပူဇော်ခံထားရှိမည်ဖြစ်ကြောင်းနှင့် ဘုရား ပွဲတော်ကာလအတွင်း ဘုရားဖူးလာပြည်သူများအတွက် ပျော်ပွဲရွှင်ပွဲ၊ ဇာတ်သဘင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။