
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ရရှိလာသည့် အချက်အလက်များအား လက်တွေ့အသုံးပြုကာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် စာရင်းအင်း အချက်အလက် အသုံးပြုသူများအတွက် ရည်ရွယ်ကျင်းပသည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ အချက်အလက်အသုံးပြုသူများ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲကို မတ်လ ၁၀ ရက် ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်း ကောက်ယူရေး ကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ အခြားသောဆက်စပ်ဝန်ကြီးဌာနများ မှညွှန်ကြားရေးမှူးချုပ်များ စစ်တမ်းများနှင့်စာရင်းအင်းဆိုင်ရာ စံသတ်မှတ်ချက်များလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ သန်းခေါင်စာရင်းနှင့်ပတ်သက်သည့် အချက်အလက်အသုံးပြုသူများ၊ ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။
အစီအစဉ်အရ ရှေးဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ကောက်ယူခဲ့ ပြီးနောက် နိုင်ငံတော်၏ စီမံကိန်းလုပ်ငန်းများ၌ အခြေခံအချက်အလက်အဖြစ် ချက်ချင်းအသုံးပြု နိုင်ရန် ရှေ့ပြေးလူဦးရေစာရင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်တွင် လည်းကောင်း၊ သန်းခေါင် စာရင်းအချက်အလက်များကို ဆန်းစစ်လေ့လာထားသည့် ကိန်းဂဏန်းအချက်အလက်များနှင့် အညွှန်းကိန်းများပါဝင်သည့် သန်းခေါင်စာရင်း ပင်မအစီရင်ခံစာဖြစ်သည့် ပြည်ထောင်စုအစီရင်ခံစာ နှင့် အသုံးပြုသူများ လွယ်လွယ်ကူကူ ထုတ်နှုတ်အသုံးပြုနိုင်မည့် အနှစ်ချုပ်အစီရင်ခံစာနှင့် စာရင်း ဇယားများကို ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင်လည်ကောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါကြောင်း၊ ယင်းအစီရင်ခံစာများတွင် လူဦးရေဆိုင်ရာအချက်အလက်များ၊ ရွှေ့ပြောင်းသွားလာ ခြင်း၊ ပညာရေး၊ လုပ်သားအင်အား၊ မသန်စွမ်းမှု၊ အိမ်အကြောင်းအရာ၊ မွေးဖွားခြင်းနှင့် သေဆုံးခြင်း အကြောင်းအရာ စသည့် အခန်းကဏ္ဍများ ပါဝင်ပါကြောင်း၊ ယင်းသန်းခေါင်စာရင်းအချက်အလက် များသည် နိုင်ငံ၏ လူဦးရေပြောင်းလဲလာမှုနှင့် မြို့ပြနှင့်ကျေးလက် လူဦးရေအခြေအနေ၊ နိုင်ငံသား များ၏ပညာရေး အဆင့်အတန်း၊ လုပ်သားအင်အားအခြေအနေနှင့် အလုပ်လုပ်ကိုင်မှု၊ ရွှေ့ပြောင်း သွားလာမှုနှင့် ၎င်းတို့၏ နေထိုင်မှုပုံစံ စသည်တို့က မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို ထင်ဟပ် ဖော်ပြနေပြီး အနာဂတ်ကာလ ဖွံ့ဖြိုးတိုးတက်မှုအတွက် အသုံးဝင်သည့် အခြေခံအချက်အလက်များ လည်းဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းသည် အလွန်ကျယ်ပြန့်ပြီး လုပ်ငန်းပမာဏကြီးမားရုံသာမက ငွေကုန်ကြေးကျများသည့် လုပ်ငန်းဖြစ်သော်လည်း နိုင်ငံ၏ လက်ရှိအခြေအနေနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိကျမှန်ကန်သည့် လူဦးရေဆိုင်ရာ စာရင်းအင်း အချက်အလက်များ ရရှိရေးအတွက်သာမက နိုင်ငံတကာလုပ်ထုံးလုပ်နည်းများအရ သန်းခေါင်စာရင်းကို (၁၀)နှစ် တစ်ကြိမ် ကောက်ယူရန် လိုအပ်သည့်အတွက် အခက်အခဲများ၊ စိန်ခေါ်မှုများကြားကပင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို မဖြစ်မနေ ကောက်ယူဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းက ဖော်ထုတ်ရရှိ သည့် ကဏ္ဍအလိုက် လူဦးရေကိုသိရှိခြင်းအားဖြင့် ယင်းကဏ္ဍများနှင့် ပတ်သက်သည့် အစီအမံများ ကိုရေးဆွဲချမှတ်နိုင်ရေးအတွက် အခြေခံအရင်းအမြစ်များအဖြစ် ပံ့ပိုးပေးနိုင်မည်ဖြစ်သကဲ့သို့ လိုအပ် သည့်လုပ်သားအင်အား အရင်းအမြစ်များကိုလည်း လေ့ကျင့်မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ ပညာရေးနှင့် လုပ်သားအင်အားဆိုင်ရာ အချက်အလက်များကို ချိတ်ဆက်အသုံးပြုပြီး သက်မွေး ပညာသင်ကျောင်းများ တိုးချဲ့ဖွင့်လှစ်ပေးခြင်းဖြင့် ကျွမ်းကျင်မှုရှိသည့် လုပ်သားအရင်းအမြစ်များကို ပျိုးထောင်ပေးနိုင်သကဲ့သို့ အလုပ်အကိုင်အခွင့် အလမ်းများကိုလည်း ဖန်တီးပေးနိုင်မည်ဖြစ်ပါ ကြောင်း၊ အလားတူ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး၊ မသန်စွမ်းများ မှတ်ပုံတင်ရေးနှင့် ထောက်ပံ့ ပေးရေး ကိစ္စရပ်များအပါအဝင် နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေ ကြသည့် ဝန်ကြီးဌာန/ အဖွဲ့အစည်းများ အတွက်လည်း များစွာအသုံးဝင်မည် ဖြစ်ပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အညီ အာဆီယံစာရင်းအင်း ဆိုင်ရာကဏ္ဍနှင့် နိုင်ငံတကာစာရင်းအင်းကဏ္ဍများအတွက် မိမိနိုင်ငံ၏ အချက်အလက်များ ပံ့ပိုးပေး နိုင်မည်ဖြစ်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များနှင့် အမျိုးသားညွှန်းကိန်း မူဘောင်များအတွက် ညွှန်းကိန်းများကိုလည်း ပံ့ပိုးပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် မကြာမီက ကျင်းပပြီးစီးခဲ့တဲ့ ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် မဲဆန္ဒရှင် စာရင်း ပြည့်စုံမှန်ကန်ရေး ဆောင်ရွက်ရာတွင်လည်း ယခုသန်းခေါင်စာရင်း၏ လူဦးရေ ကိန်းဂဏန်း များက အထောက်အကူဖြစ်စေခဲ့ပါကြောင်း၊ သန်းခေါင်စာရင်းမှရရှိသည့် ကိန်းဂဏန်းအချက် အလက်များကို ဆန်းစစ်လေ့လာသုံးသပ်ပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအသီးသီးမှ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မကြာမီကာလတွင် နေပြည်တော်၊ ရန်ကုန်၊ ဧရာဝတီ နှင့် ပဲခူးတိုင်းဒေသကြီးတို့၏ လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာအချက်အလက်များပါဝင်သည့် အစီရင်ခံစာများ ထုတ်ပြန်သွားမည်ဖြစ်ပြီး၊ ကျန်ရှိသည့် တိုင်းဒေသကြီး/ ပြည်နယ်များ၏ အစီရင်ခံစာများကိုလည် ဆက်လက်ထုတ်ပြန်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထို့ပြင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်ကြောင်းအရာ သန်းခေါင်စာရင်းအချက်အလက်များကို အခြေခံပြီး နှစ်အလိုက် ခန့်မှန်းလူဦးရေစာရင်းများ ရရှိနိုင်ရန် လူဦးရေခန့်မှန်းခြင်းလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းမှရရှိသည့် အချက်အလက်ရလဒ်များကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများ၊ စီမံကိန်းများ ရေးဆွဲချမှတ်ရာတွင် မဖြစ်မနေ အခြေခံအသုံးပြုကြမည်ဖြစ်သဖြင့် ယင်းကိန်းဂဏန်း အချက် အလက်များကို စစ်တမ်းနှင့်စာရင်းအင်း ရေးဆွဲသူများ၊ အချက်အလက် အသုံးပြုသူများအနေဖြင့် အကျိုးရှိရှိ အသုံးပြုဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြား ပြီး ဖွင့်ပွဲအခမ်းအနားကို ရုတ်သိမ်းလိုက်ပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများ၊ အလုပ်ရုံဆွေးနွေးပွဲတက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခိုင်ခိုင်စိုးနှင့် တာဝန်ရှိသူများက ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ကောက်ယူဆောင်ရွက်ခဲ့မှု၊ လူဦးရေခန့်မှန်းတွက်ချက်ခြင်းနှင့် သန်းခေါင်စာရင်းမှဖော်ထုတ်ရရှိနိုင်သည့် အချက်အလက်များ၊ ယင်းအချက်အလက်များအပေါ်အခြေခံကာ ဆက်လက်ဆောင်ရွက်နိုင်မည့် လုပ်ငန်းအခြေအနေများ ကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်းနှင့် သန်းခေါင်စာရင်းနှင့်ပတ်သက်သည့် ကိန်း ဂဏန်းအချက်အလက်များအား အချက်အလက်အသုံးပြုသူများအပြင် အများပြည်သူလေ့လာသိရှိ နိုင်ရေးအတွက် ပြည်သူ့အင်အားဦးစီးဌာန၏ Website ဖြစ်သည့် www.dop.gov.mm တွင် ဝင်ရောက်ကြည့်ရှု၍ Download ရယူနိုင်ကြောင်း သတင်းရရှိသည်။




