ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည် ဖော်ရေးဗဟိုကော်မတီအစည်းအဝေးတက်ရောက်၊ နေခွင့်လျှောက်ထားသူများ၏ အချက်အလက် များအပေါ် သုံးသပ်ဆွေးနွေး အကြံပြုပေးကြရန်တိုက်တွန်း။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည် ဖော်ရေးဗဟိုကော်မတီအစည်းအဝေးတက်ရောက်၊ နေခွင့်လျှောက်ထားသူများ၏ အချက်အလက် များအပေါ် သုံးသပ်ဆွေးနွေး အကြံပြုပေးကြရန်တိုက်တွန်း။

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်လျှောက်ထားသူများအား နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် (Permanent Residence System-PR System) ဖြင့် စိစစ်သုံးသပ်၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံခြားသားအမြဲနေထိုင် ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၁၉ ရက်၊ ယနေ့နံနက် (၁၀) နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ နိုင်ငံခြားသားအမြဲ နေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဗဟိုကော်မတီဝင်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

အစီအစဉ်အရ ရှေးဦးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၌ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်ကို ၂၀၁၂ ခုနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယင်းသို့ဆောင်ရွက်ရသည့်ရည်ရွယ်ချက်မှာ မိမိတို့နိုင်ငံ အား အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်အဖြစ် တည်ဆောက်ရာ တွင် နိုင်ငံခြားသားများနှင့်မြန်မာနိုင်ငံသားဟောင်းများအနေဖြင့် နိုင်ငံတော်၏ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၌ ပါဝင်ဆောင်ရွက်နိုင်ရေး၊ နိုင်ငံအတွင်းရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်ကိုင်နိုင်ရေး၊ မြန်မာနိုင်ငံသားဟောင်းများအနေဖြင့် မိသားစုပေါင်းစည်းနေထိုင်နိုင်ရေးတို့အပြင် အထူးသဖြင့် နိုင်ငံတော်၏အကျိုးစီးပွားနှင့် ၎င်းတို့၏အကျိုးစီးပွားစသည့် အကျိုးစီးပွားနှစ်ရပ်လုံး ဖွံ့ဖြိုး တိုးတက်စေရေးအတွက်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင်နှစ်နိုင်ငံနိုင်ငံသားခံယူခွင့် ခွင့်ပြုထားခြင်း မရှိသည့်အတွက် နိုင်ငံခြားသားစီးပွားရေးလုပ်ငန်းရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အခြားနိုင်ငံသားခံယူထားသည့် မြန်မာနိုင်ငံသားဟောင်းများအနေဖြင့် မိမိတို့နိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံ အလုပ်လုပ်ကိုင်နိုင်ရေးအတွက် ကာလတစ်ခုအထိ နေထိုင်ခွင့်ပြုခြင်းဖြစ်ပါကြောင်း၊ ယင်းစနစ် အကောင်အထည်ဖော်နိုင်ရေးအတွက် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ဆိုင်ရာ နည်းဥပဒေ များကိုလည်း ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း၊ ယင်းနည်းဥပဒေကို ပြင်ဆင်သည့် နည်းဥပဒေအရ နိုင်ငံခြားသားအမြဲနေထိုင်ခွင့် ကနဦးလျှောက်ထားခြင်းကို မြန်မာနိုင်ငံတွင်သာမက ပြည်ပနိုင်ငံ များရှိ မြန်မာသံရုံးများ၌ပါလျှောက်ထားနိုင်ပြီဖြစ်ပါကြောင်း၊ ယခု နိုင်ငံတော်အစိုးရလက်ထက် တွင် မြန်မာနိုင်ငံ၌ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် (Permanent Residence System) စီမံခန့်ခွဲမှုကော်မတီ၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟို ကော်မတီနှင့်လုပ်ငန်းကော်မတီတို့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ကို ကျွမ်းကျင်ပညာရှင်၊ ရင်းနှီးမြှုပ်နှံသူ၊ နိုင်ငံသားဟောင်းနှင့် ဆက်စပ်နိုင်ငံခြားသား ဟူ၍ အမျိုးအစား(၄)မျိုးသတ်မှတ်ထားပြီး လျှောက်လွှာများကို လက်ခံဆောင်ရွက်ခဲ့သည့် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ(၂၉) ရက်မှ ၂၀၂၆ ခုနှစ်၊ မေလ (၇) ရက်ထိ မိသားစုအပါအဝင် လျှောက်ထားသူ စုစုပေါင်း (၈၄၃) ဦး ရှိပါကြောင်း၊ ယင်းတို့အနက် PR ရရှိပြီးသူ (၇၄၉) ဦးရှိပြီး (၉၄) ဦးမှာ သတ်မှတ်ချက်များနှင့် မကိုက်ညီသဖြင့် ပြန်လည်စိစစ်ဆဲဖြစ်ပါကြောင်း၊ ယခုဗဟိုကော်မတီ အစည်းအဝေးတွင် ပြီးခဲ့သည့်မေလ(၇)ရက်က ပြုလုပ်ခဲ့သည့် လုပ်ငန်းကော်မတီအစည်းအဝေးမှ ပဏာမစိစစ်ပြီးတင်ပြလာသည့် အဓိက လျှောက်ထားလာသူ (၂၈) ဦးနှင့် မိသားစုဝင် (၈) ဦး၊ စုစုပေါင်း(၃၆) ဦးတို့၏ စာရွက်စာတမ်းအထောက်အထားများအပေါ်မှာ ထပ်မံစိစစ်ရန်ဖြစ်ပါ ကြောင်း၊ ယင်းသို့စိစစ်ပြီးပါက ယခင်လူတွေ့ စစ်ဆေးရန်ကျန်ရှိသူများနှင့် ယခုစိစစ်ပြီးသူများအား လူတွေ့စစ်ဆေးအကဲဖြတ်မှုများကို အမြန်ဆုံးဆောင်ရွက်နိုင်ရန် ဆက်လက်စီမံသွားမည်ဖြစ်ပါ ကြောင်း၊ ဆောင်ရွက်ရမည့်ကိစ္စရပ်များအပေါ် တက်ရောက်လာကြသူများအနေဖြင့် ကျယ်ကျယ် ပြန့်ပြန့် အကြုံပြုဆွေးနွေးပေးကြရန်နှင့် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်လျှောက်ထားသူများ၏ အချက်အလက်များအပေါ်မှာလည်း ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးကြရန် တိုက်တွန်းပါကြောင်း ဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

ထို့နောက် ဗဟိုကော်မတီအတွင်းရေးမှူး၊ အမြဲတမ်းအတွင်းဝန်ကိုယ်စား တာဝန်ခံ အရာရှိက နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ ကော်မတီအဆင့်ဆင့်ဖွဲ့စည်းမှုနှင့် လုပ်ငန်း တာဝန်များ၊ လက်ရှိ PR လျှောက်ထားသူ မိသားစုအပါအဝင် (၃၆)ဦး၏ ကိုယ်ရေးအချက်အလက် များနှင့် တစ်ဦးချင်းအမှတ်ပေးစနစ်နှင့် စိစစ်ထားရှိမှုများကိုလည်းကောင်း၊  လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူချုပ် ဦးရဲထွန်းဦးက ယခင်လူတွေ့စစ်ဆေးခံယူရန် ပျက်ကွက်ခဲ့သူများ အနက်(၃)ကြိမ်နှင့်အထက် ပျက်ကွက်ခဲ့သူများအခြေအနေ၊ လုပ်ငန်းကော်မတီမှ စိစစ်အကြံပြုချက် များ၊ ဗဟိုကော်မတီမှစိစစ်ပြီးပါက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ဗဟိုကော်မတီအတွင်းရေးမှူးနှင့် ဗဟို ကော်မတီဝင်များက လျှောက်ထားသူ တစ်ဦးချင်းကိုယ်ရေးအချက်အလက်များအပေါ် လုပ်ထုံး လုပ်နည်းနှင့်အညီဖြစ်စေရေးနှင့် လူတွေ့စစ်ဆေးမှုခေါ်ယူရာတွင် ပျက်ကွက်မှုများအတွက် ဆက်လက် ဆောင်ရွက်နိုင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းသုံးသပ်အကြံပြုဆွေးနွေး ကြပြီးနောက် ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ဆွေးနွေးချက်များအပေါ် လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးပြီး ဗဟိုကော်မတီမှအတည်ပြုပြီးသူများအား လူတွေ့ စစ်ဆေးအကဲဖြတ်မှု ဆက်လက်ဆောင်ရွက်နိုင်ရေး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။