
နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) ကာလအတွင်း ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တာချီလိတ်ခရိုင်ဦးစီးမှူးရုံးနှင့် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (BP/TBP) ထုတ်ပေးရေးလုပ်ငန်း အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ (၂၈) ရက်၊ ယနေ့နံနက် (၈) နာရီက တာချီလိတ်မြို့၊ မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားအနီးရှိ အဆိုပါ အဆောက်အဦရှေ့၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း နှင့် လားဟူနှင့် အာခါ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် တာချီလိတ်မြို့တွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်ကြောင့် မယ်ဆိုင်ချောင်းရေကြီးမှုဖြစ်စဉ်ဖြစ်ပွားကာ တာချီလိတ်မြို့တွင်း အပါအဝင် မြစ်ကမ်းနားတစ်လျှောက်၌ ရေကြီးရေလျှံမှုများဖြစ်ခဲ့ရာ မြန်မာ-ထိုင်း ချစ်ကြည်ရေတံတားအနီးရှိ မိမိတို့ဝန်ကြီးဌာန၏ တာချီလိတ်ခရိုင်ဦးစီးမှူးရုံးနှင့်ဝန်ထမ်းအိမ်ရာများ ရေကြီးနစ်မြုပ်ပျက်စီးခဲ့ပါကြောင်း၊ အဆိုပါ လဝကခရိုင်ရုံးနှင့်ဝန်ထမ်းအိမ်ရာများသည် မယ်ဆိုင်ချောင်းရေကျသွားသော်လည်း နုံးမြေများတင်ကျန်ပြီး အဆောက်အဦများ နစ်မြုပ်လျက်ရှိနေပါကြောင်း၊ ပြန်လည်ပြုပြင်တည်ဆောက်မည်ဆိုပါက ခိုင်ခန့်မှုမရှိနိုင်သည့်အတွက် အသစ်ပြန်လည်တည်ဆောက်နိုင်ရေး နိုင်ငံတော်အစိုးရသို့တင်ပြခဲ့ရာခွင့်ပြုချက်ရရှိသဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုငွေကျပ် (၁၃၆ ဒဿမ ၄၂၅) သန်းဖြင့် ဆောက်လုပ်ခဲ့ပြီး ယခုရာနှုန်းပြည့် ဆောက်လုပ်ပြီးစီးပြီ ဖြစ်သည့်အတွက် ယနေ့တွင် ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ တာချီလိတ်ခရိုင်ဦးစီးမှူးရုံးသည် တာချီလိတ်မြို့၊ မြန်မာ-ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတားနှင့်ကပ်လျက် မယ်ဆိုင်ချောင်း ဘေးတွင် တည်ရှိသည့်အတွက် မိုးတွင်းကာလမှာ သဘာဝဘေးအန္တရာယ်ဖြစ်သည့် ရေကြီးမှု ဒဏ်ကို နှစ်စဉ်နှစ်တိုင်း အဓိကခံစားနေရသည့်နေရာလည်းဖြစ်ပါကြောင်း၊ ယင်းကဲ့သို့ ဒီလို နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီးရေလျှံမှုကြောင့် ဖြစ်ပေါ်သည့်အခက်အခဲများ ပြေလည်စေရန်နှင့် တာချီလိတ်မြို့မှပြည်သူများ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် လျှောက်ထားဆောင်ရွက်ရာတွင် နေရာကျဉ်းကြပ်မှုမှ အဆင်ပြေချောမွေ့စေရန်၊ နှစ်နိုင်ငံနယ်စပ်ဖြစ်သည်နှင့်အညီ နိုင်ငံ၏ပုံရိပ်အဖြစ် အမြင်တင့်တယ်စေရန်အတွက် ရုံးအဆောက်အဦသစ်များ ဆောက်လုပ်ခြင်းဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းများကို ဒေသခံကုမ္ပဏီဖြစ်တဲ့ Unitetd Home Builder Co.Ltd ကို တင်ဒါလုပ်ငန်းစည်းမျဉ်းများနှင့်အညီ လုပ်ငန်းအပ်နှံ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယင်းအဆောက်အဦများကို နိုင်ငံတော်ခွင့်ပြုဘဏ္ဍာငွေဖြင့်ဆောင်ရွက်သည့်အပြင် အဆောက်အဦများ၏ သဘာဝဘေးဒဏ်၊ ငလျင်ဒဏ်ခံနိုင်မှုရှိစေရေးအတွက် ဘိုးပိုင်တူးခြင်း၊ ခရိုင်ရုံးဝန်းခြံစည်းရိုး ကာရံခြင်း၊ BP/ TBP လာရောက်လျှောက်ထားသည့် ပြည်သူများ ရာသီမရွေးအသုံးပြုနိုင်ရန် အမှတ်(၁)ချစ်ကြည်ရေးတံတားနှင့် ချိတ်ဆက်သည့် တံတားနှင့်ရုံး လူကူးတံတားဆောက်လုပ်ခြင်းစသည့် ဆက်စပ်လုပ်ငန်းများကို စေတနာရှင် မြို့မိမြို့ဖများနှင့် တင်ဒါအောင်ကုမ္ပဏီတို့၏ ပံ့ပိုးကူညီလှူဒါန်းမှု၊ ဝန်ထမ်းများ၏ စုပေါင်းလှူဒါန်းမှုတို့ဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယင်းအဆောက်အဦများတွင် တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအနေဖြင့် အဆောက်အဦများ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် အသုံးအဆောင်ပစ္စည်းများနှင့် စက်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် တစ်ဦးချင်းထိန်းသိမ်းစောင့်ရှောက်သကဲ့သို့ တာဝန်ရှိသူ အဆင့်ဆင့်ကလည်း အမြဲကြပ်မတ်နေရန် လိုအပ်ပါကြောင်း၊ ထို့ပြင် ယခုအဆောက်အဦများကို အသုံးပြုရင်း ပြည်သူများအတွက် ထိရောက်သည့် ဝန်ဆောင်မှုများ ဆောက်ရွက်ပေးကြရန်နှင့် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) ကာလအတွင်းမှာ အဆောက်အဦတည်ဆောက်ရေးလုပ်ငန်းများကို ပြီးမြောက်အောင်မြင်အောင် အဖက်ဖက်က ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသည့် မြို့မိမြို့ဖများနှင့် စေတနာရှင်ပြည်သူများ၊ တာဝန်ရှိသူများအားလုံးကို မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။
ထို့နောက် တာချီလိတ်ခရိုင်ဦးစီးမှူးရုံးနှင့် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (BP/TBP) ထုတ်ပေးရေးလုပ်ငန်းအဆောက်အဦ တည်ဆောက်ပြီးစီးမှုမှတ်တမ်းကို United Home Builder ကုမ္ပဏီလီမိတက်တာဝန်ခံ ဦးကျော်လင်းက ရှမ်းပြည်နယ်ဦးစီးမှူး ဦးအောင်ဝင်းသိန်းထံ လွှဲပြောင်း ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အဆောက်အဦနှင့် ပတ်သက်သည့် အခြားသောဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ပံ့ပိုးကူညီပေးခဲ့ကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သတ်မှတ်နေရာအသီးသီးတွင် နေရာယူကြ၍ မင်္ဂလာအချိန်တွင် တာချီလိတ်ခရိုင်ဦးစီးမှူးရုံးနှင့် BP/TBP ထုတ်ပေးရေးလုပ်ငန်း အဆောက်အဦသစ်တို့ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အဆောက်အဦများ၏ ကမ္ပည်းမော်ကွန်းများကို အမွှေးနံ့သာများ ပက်ဖြန်းပေးကြပြီးနောက် အခမ်းအနားကိုရုတ်သိမ်းလိုက်သည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အဆောက်အဦသစ်များအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ယခုလက်ရှိနေရာတွင် ယခင်က တည်ရှိခဲ့သည့် ခရိုင်ဦးစီးမှူးရုံးနှင့် ဝန်ထမ်းအိမ်ယာများသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း က မယ်ဆိုင်ချောင်း ရေကြီးရေလျှံမှုကြောင့် နုံးမြေများတင်ကျန်ခဲ့ပြီး များစွာထိခိုက်ပျက်စီးခဲ့ သည့်အတွက် နိုင်ငံတော်ဘဏ္ဍာငွေဖြင့် အဆောက်အဦသစ်များ ပြန်လည်တည်ဆောက်ခဲ့ပြီး အခြားသော ဆက်စပ်လုပ်ငန်းများအတွက် မြို့မိမြို့ဖအလှူရှင်များ၏ လှူဒါန်းမှုများဖြင့် ဆောင်ရွက်ခဲ့သည့်အတွက် ယခုကဲ့သို့ အဆောက်အဦသစ်များ ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။




