ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တောင်ကြီးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ၌ ကျောင်းသား၊ ကျောင်းသူများအား လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ဆောင်ရွက်ထုတ်ပေးမှု သွားရောက်ကြည့်ရှုအားပေး၊ ဝန်ထမ်းများအား တွေ့ဆုံမှာကြား။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တောင်ကြီးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ၌ ကျောင်းသား၊ ကျောင်းသူများအား လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ဆောင်ရွက်ထုတ်ပေးမှု သွားရောက်ကြည့်ရှုအားပေး၊ ဝန်ထမ်းများအား တွေ့ဆုံမှာကြား။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် အသက် (၁၀) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသည့် ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းနှင့် e-ID စနစ်ဖြင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို သက်ဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးများက မြို့နယ်ပညာရေးမှူးရုံးများနှင့်ညှိနှိုင်းကာ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းများသို့ ကွင်းဆင်း၍ လမင်းစီမံချက်ဖြင့်ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာလ ၂၈ ရက်က တောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ အသက် (၁၀) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသည့် ကျောင်းသား၊ ကျောင်းသူများအား လမင်း စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ယင်းသို့ဆောင်ရွက်ပေးနေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ မိဘဆရာအသင်းဝင်များနှင့်အတူ အဆိုပါနေ့ မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှုအားပေးရာ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ကျောင်းခန်းမအတွင်း၌ အသက် (၁၀)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား    မရရှိသေးသည့် ကျောင်းသား/ကျောင်းသူများအား မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်၍ နိုင်ငံသားကတ်ပြား ထုတ်ပေးရေးလုပ်ငန်းစဉ် အဆင့်ဆင့်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရှိပြီးသူများအား e-ID စနစ် ဖြင့် Biographic/Biometric ကောက်ယူကာUIDနံပါတ် ဆောင်ရွက်ပေးနေမှုအခြေအနေ များကို လှည့်လည်ကြည့်ရှုအားပေးကာ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကိုတာဝန်ရှိသူများနှင့် ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လမင်းစီမံချက်ဖြင့် နေ့ချင်းပြီး ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID တို့ကို ကာယကံရှင် ကျောင်းသား/ ကျောင်းသူတစ်ဦးချင်းထံ အသီးသီးပေးအပ်ပြီး မြို့နယ်ရုံး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများကို မြို့နယ်ဦးစီးမှူးထံ ထောက်ပံ့ပေးအပ်ပြီးနောက် ကျောင်းသား၊ ကျောင်းသူများအား အာဟာရမုန့်များ ဝေငှပေးအပ်သည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ အဆိုပါရုံးခန်းမ၌ ရှမ်းပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးများအားတွေ့ဆုံ၍ နိုင်ငံသားအရည်ချင်းနှင့်ပြည့်မီသူများအား လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းလုပ်ငန်းကို ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်၍ မှန်ကန်မြန်ဆန်စွာထုတ်‌ပေးရေး၊ ဥပဒေအရ အကျုံးမဝင်သူများအား မှားယွင်းထုတ်ပေးမှုမရှိရေး နေရပ်စွန့်ခွာ ပြောင်းရွှေ့နေထိုင်ကြသူများအတွက် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားကတ်ပြား ပြန်လည်ထုတ်ပေးခြင်းကိုလည်း (၅)ဦးကော်မတီဖြင့် စိစစ်၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ စိစစ်ဆောင်ရွက်ပေးရေး၊ ရုံးစာရွက် စာတမ်းမှတ်တမ်းမှတ်ရာများ စနစ်တကျ မှတ်တမ်းတင်ရေးသွင်း ထိမ်းသိမ်းထားရှိရေး၊ အဂတိတရားကင်းစွာဖြင့် ပြည်သူကိုယဉ်ကျေးပျူငှာစွာဆက်ဆံ၍ ကြည်သာရွှင်ပျစွာဖြင့် ထိရောက်သောဝန်ဆောင်မှုပေးနိုင်ရေးနှင့် အချင်းချင်းစည်းလုံးညီညွတ်စွာဖြင့် ဌာန၏ ရည်မှန်းချက်တာဝန်များ ကျေပွန်စွာထမ်းဆောင်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းပြောကြားကာ ဝန်ထမ်းများ၏ လုပ်ငန်းဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။