၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ အလုပ်အကိုင်နှင့် လုပ်ငန်းအချက်အလက်များ ထုတ်ပြန်ခြင်း အခမ်းအနား

၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ အလုပ်အကိုင်နှင့် လုပ်ငန်းအချက်အလက်များ ထုတ်ပြန်ခြင်း အခမ်းအနား

လုပ်သားအမျိုးအစားအလိုက် လူဦးရေ၊ လုပ်သားအင်အားပါဝင်နှုန်း၊ အလုပ်အကိုင်ရရှိမှုနှင့် လူဦးရေအချိုး၊ အလုပ်လက်မဲ့ရာခိုင်နှုန်း၊ အလုပ်အကိုင်၊ လုပ်ငန်းစသည့် အချက်အလက်များကို တိုင်းဒေသကြီး/ ပြည်နယ်အလိုက်၊ အသက်အပိုင်းအခြားအလိုက် တွက်ချက်ထားသည့် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ အလုပ်အကိုင်နှင့် လုပ်ငန်းအချက်အလက်များ ထုတ်ပြန်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၁နာရီတွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများ၊ အစီရင်ခံစာများ ထုတ်ပြန်ဆောင်ရွက်ခဲ့မှုနှင့် အလုပ်အကိုင်နှင့် လုပ်ငန်းအစီရင်ခံစာ ထုတ်ပြန်နိုင်ရေး ဆောင်ရွက်မှု၊ သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက် အသုံးပြုသူများသို့ ဖြန့်ဝေ ဆောင်ရွက်ပေးမှု အခြေအနေများကို အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ရှင်းလင်းပြောကြားသည်။

အလားတူ မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းစဉ်အပေါ် UNFPA မှ ထောက်ပံ့ကူညီ ဆောင်ရွက်မှုများနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကို UNFPA ဌာနေကိုယ်စားလှယ် Ms. Janet E. Jackson က ရှင်းလင်း ပြောကြားခဲ့ပြီး ပြည်သူ့အင်အားဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာညီညီနှင့် ဒေါက်တာခိုင်ခိုင်စိုးတို့က ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ အလုပ်အကိုင်နှင့် လုပ်ငန်းအချက်အလက်များ ကောက်ယူရရှိမှု ရလဒ်များကို ရှင်းလင်းတင်ပြသည်။ ထို့နောက် တက်ရောက်လာကြသူများက သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းစဉ်နှင့် အချက်အလက်များ ထုတ်ပြန်ခြင်းဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ သိရှိလိုသည်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားသည်။ မြန်မာနိုင်ငံ၌ ပြည်လုံးကျွတ် သန်းခေါင်စာရင်းလုပ်ငန်းကို ၂၀၁၄ခုနှစ် မတ် ၃၀ ရက်မှ ဧပြီ ၁၀ ရက် အထိ ကောက်ယူခဲ့ကာ ၂၀၁၅ ခုနှစ် မေ ၂၉ ရက်တွင် သန်းခေါင်စာရင်း ပင်မအစီရင်ခံစာကို ထုတ်ပြန်နိုင်ခဲ့သကဲ့သို့ ပြည်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ၊ သန်းခေါင်စာရင်းက ညွှန်းဆိုသော မြန်မာ့ပုံရိပ်၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် သန်းခေါင်စာရင်း အစီရင်ခံစာ၊ ပြည်ထောင်စု/ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် လူဦးရေကိန်းဂဏန်း အချက်အလက်များ ပါဝင်သည့် လက်ကမ်းစာစောင်များ၊ ခရိုင်အဆင့် လူဦးရေ ကိန်းဂဏန်း အချက်အလက်များ ပါဝင်သည့် နံရံကပ် စာစောင်များကိုလည်း ထုတ်ပြန်နိုင်ခဲ့ကြောင်း သိရသည်။ သို့သော် အလုပ်အကိုင်နှင့် လုပ်ငန်းဆိုင်ရာ အချက်အလက်များသည် မေးခွန်းပုံစံတွင် လက်ရေးမူဖြင့် ရေးသွင်းခြင်းမှ ရရှိသော အချက်အလက်များကို ဂဏန်းသင်္ကေတ ပြုစု ဆောင်ရွက်ရသည့်အတွက် ပင်မအစီရင်ခံစာ ထုတ်ပြန်ရာတွင် ထည့်သွင်း ထုတ်ပြန်နိုင်ခြင်းမရှိဘဲ ယခုမှသာ ထုတ်ပြန်နိုင်ခြင်းဖြစ်ပါသည်။