၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပြည်ထောင်စု (ကိုးကွယ်သည့်ဘာသာ) အစီရင်ခံစာ ထုတ်ပြန်

၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပြည်ထောင်စု (ကိုးကွယ်သည့်ဘာသာ) အစီရင်ခံစာ ထုတ်ပြန်

နေပြည်တော် ဇူလိုင် ၂၁

          အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၁၀၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပြည်ထောင်စု (ကိုးကွယ်သည့်ဘာသာ) သန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ (၂-ဂ) ထုတ်ပြန်သည့် အခမ်းအနားနှင့် သတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၂၁ ရက် နံနက် ၁၀ နာရီက နေပြည်တော်ရှိ Max Myanmar Hotel ၌ ကျင်းပသည်။

          ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အစီရင်ခံစာများကို အတွဲအလိုက် ထုတ်ပြန်ခဲ့ရာ ပထမအဆင့် အနေဖြင့် ရှေ့ပြေးလူဦးရေစာရင်း (သန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ - ၁) ကို ၂၀၁၄ ခုနှစ် သြဂုတ်လတွင် လည်းကောင်း၊ သန်းခေါင်စာရင်း ပင်မအစီရင်ခံစာများကို ၂၀၁၅ ခုနှစ် မေလတွင်လည်းကောင်း၊ အလုပ်အကိုင်နှင့်လုပ်ငန်းအစီရင်ခံစာ (သန်းခေါင်စာရင်းအစီရင်ခံစာ အတွဲ ၂ - ခ) ကို ၂၀၁၆ ခုနှစ် မတ်လတွင်လည်းကောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်သည်။

          ယခုအခါ ကိုးကွယ်သည့်ဘာသာ အချက်အလက်များအရ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာသည် လူအများစု ကိုးကွယ်ယုံကြည့်သည့် ဘာသာဖြစ်သော်လည်း ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ နတ်ကိုးကွယ်ယုံကြည်မှုနှင့် အခြားသော ကိုးကွယ်ယုံကြည်မှုများကို ခွဲခြားဆက်ဆံခြင်း မပြုဘဲ လွတ်လပ်စွာ ကိုးကွယ်ကျင့်သုံးခွင့်ပေးထားသည့် အချက်အလက်မတူ ကွဲပြားသော ယုံကြည်ကိုးကွယ်မှု အမျိုးမျိုးကို ဖော်ပြသည့် ကိုးကွယ်သည့်ဘာသာဆိုင်ရာ သန်းခေါင်စာရင်း အချက်အလက်များကို ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။

          အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက “ဒီထုတ်ပြန်ချက်ကို တစ်ချို့ကလည်း ထူးထူးခြားခြားများ ကိုးကွယ်မှုဘာသာတွေ ပြောင်းလဲသွားမလားဆိုပြီး စိုးရိမ်ကြတယ်။ ဒါပေမယ့် တကယ်မှန်မှန်ကန်ကန် မြေပြင်မှာ ရှိတဲ့ စာရင်းအရဆိုရင် နိုင်ငံတကာကလည်း လက်ခံတဲ့ စာရင်းဖြစ်ပြီး ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းနဲ့ ထူးထူးခြားခြား ကွဲပြားမှု မရှိပါဘူး။ ဒီအခြေအနေ စာရင်းဇယားတွေကိုလည်း ဘာသာရေးခေါင်းဆောင်တွေအားလုံးကို ဝန်ကြီးဌာနမှာ ခေါ်ယူပြီးတော့ အတွင်းဝန် ဦးဆောင်ပြီး ဒီအခြေအနေတွေကို ရှင်းပြတယ်။ သူတို့လည်း ရရှိတဲ့ အနေအထားအမှန်ကို လက်ခံပါတယ်။ ဒါ့ကြောင့်မို့ နိုင်ငံရဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေ သမ္မတကြီးနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ကို တင်ပြပြီးတော့မှ အခုလို တရားဝင် ထုတ်ပြန်တာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

          ကိုးကွယ်သည့် ဘာသာ အစီရင်ခံစာတွင် အပိုင်းနှစ်ပိုင်း ပါရှိကာ အပိုင်း (၁) တွင် သန်းခေါင်စာရင်း၌ ကောက်ယူရရှိသည့် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် အချက်အလက်များ ပါဝင်ပြီး အပိုင်း (၂) တွင် စာရင်း မကောက်ယူနိုင်သည့် ဒေသများမှ လူဦးရေကို ထည့်သွင်းထားသည်။

          ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင် မတ် (၂၉) ရက် သန်းခေါင်စာရင်းည၌ရှိသော လူဦးရေ ၅၀၂၇၉၉၀၀ ကို ၄င်းတို့ရောက်ရှိသည့် နေရာများတွင် စာရင်းကောက်ယူခဲ့ခြင်း ဖြစ်သည်။ ကိုးကွယ်သည့်ဘာသာဆိုင်ရာ အချက်အလက်များကို တွက်ချက်ရာတွင် သမာရိုးကျ အိမ်ထောင်စုများတွင် နေထိုင်သူများနှင့် အဖွဲ့အစည်းများတွင် နေထိုင်သူများကို ထည့်သွင်း တွက်ချက်ခဲ့ခြင်းဖြစ်ပြီး ကိုးကွယ်သည့် ဘာသာအမျိုးအစား ခုနှစ်ခု (ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ နတ်၊ အခြားဘာသာနှင့် ဘာသာမရှိသူများ) ကို အခြေခံ၍ မေးမြန်းထားခြင်းဖြစ်ကြောင်းသိရသည်။ 

          သန်းခေါင်စာရင်းကောက်ယူရာ၌ ရခိုင်ပြည်နယ်တွင် နေထိုင်သူ ၁၀၉၀၀၀၀၊ ကချင်ပြည်နယ်တွင် နေထိုင်သူ ၄၆၆၀၀ နှင့် ကရင်ပြည်နယ်တွင် နေထိုင်သူ ၆၉၇၅၃ ဦးတို့ကို စာရင်းကောက်ယူနိုင်ခြင်းမရှိခဲ့ချေ။ အဆိုပါ စာရင်းမကောက်ယူနိုင်သည့် ခန့်မှန်းလူဦးရေ ၁ ဒသမ ၂ သန်းသည် မြန်မာနိုင်ငံ လူဦးရေ စုစုပေါင်း၏ ၂ ဒသမ ၃ ရာခိုင်နှုန်းခန့် ရှိပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ စာရင်းကောက်ယူရရှိသော လူဦးရေနှင့် စာရင်းမကောက်ယူနိုင်သော လူဦးရေ စုစုပေါင်း ၅၁၄၈၆၂၅၃ ဦးရှိမည်ဖြစ်ကြောင်းသိရသည်။

          သန်းခေါင်စာရင်းမကောက်ယူနိုင်ခဲ့သည့် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် ဒေသအချို့၏ အခြေအနေများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် “ ပြည်နယ်သုံးခု ကျန်နေတာကတော့ ကချင်ကတော့ လိုင်ဇာဒေသမှာရှိတဲ့ ပြည်သူတွေရှိတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ မိသားစုဝင်တွေရှိတယ်။ ဒီကသွားတဲ့အဖွဲ့တွေကို အဝင်မခံဘူး၊ သူတို့ကပဲ ဒေသမှာရှိတဲ့ လူစာရင်းကို အကြမ်းဖျင်းပေးလိုက်တယ်။ အဲဒီအချက်အလက်တွေနဲ့ပဲ ထည့်ပြီးတွက်ထားတယ်။ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ပတ်သက်ပြီးတော့ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနလည်း ပေါ်ပေါက်လာပြီ ဖြစ်တဲ့အတွက် ဆက်လက်ညှိနှိုင်းဆောင်ရွက်နေပါတယ်။ အဆင်ပြေတဲ့အချိန်မှာ ထပ်ပြီး ထုတ်ပြန်သွားဖို့ ရှိပါတယ်” ဟု ပြောသည်။

          ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရရှိသော အချက်အလက်များအရ ပြည်ထောင်စု (ကိုးကွယ်သည့်ဘာသာ) အစီရင်ခံစာအရ ပြည်ထောင်စု လူဦးရေစုစုပေါင်း ၅၀၂၇၉၉၀၀ အနက် ဗုဒ္ဓဘာသာ ကိုးကွယ်သူဦးရေ ၄၅၁၈၅၄၄၉ ဦး (၈၉.၈) ရာခိုင်နှုန်း၊ ခရစ်ယာန်ကိုးကွယ်သူ ၃၁၇၂၄၇၉ ဦး (၆.၃) ရာခိုင်နှုန်း၊ အစ္စလာမ်ဘာသာကိုးကွယ်သူ ၁၁၄၇၄၉၅ (၂.၃) ရာခိုင်နှုန်း၊ ဟိန္ဒူဘာသာကိုးကွယ်သူ ၂၅၂၇၆၃ ဦး (၀.၅) ရာခိုင်နှုန်း၊ နတ်ကိုးကွယ်သူ ၄၀၈၀၄၅ ဦး (၀.၈) ရာခိုင်နှုန်း၊ အခြားဘာသာကိုးကွယ်သူ ၈၂၈၂၅ ဦး (၀.၂) ရာခိုင်နှုန်း၊ မည်သည့်ဘာသာမျှ မကိုးကွယ်သူ ၃၀၈၄၄ ဦး (၀.၁) ရာခိုင်နှုန်းရှိကြောင်းသိရသည်။

          ကချင်၊ ကရင်နှင့် ရခိုင်ပြည်နယ်အတွင်း စာရင်းမကောက်ယူနိုင်သောဒေသ၌ ခန့်မှန်းလူဦးရေ ၁၂၀၆၃၅၃ ဦးရှိရာ အဆိုပါစာရင်းများကို ထည့်သွင်း၍ သန်းခေါင်စာရင်းထုတ်ပြန်သည့် ခန့်မှန်းလူဦးရေ ၅၁၄၈၆၂၅၃ ဦးကို အခြေခံတွက်ချက်ရာတွင် ဗုဒ္ဓဘာသာ ကိုးကွယ်သူ (၈၇.၉) ရာခိုင်နှုန်း၊ ခရစ်ယာန်ကိုးကွယ်သူ (၆.၂) ရာခိုင်နှုန်း၊ အစ္စလာမ်ဘာသာကိုးကွယ်သူ (၄.၃) ရာခိုင်နှုန်း၊ ဟိန္ဒူဘာသာကိုးကွယ်သူ (၀.၅) ရာခိုင်နှုန်း၊ နတ်ကိုးကွယ်သူ  (၀.၈) ရာခိုင်နှုန်း၊ အခြားဘာသာကိုးကွယ်သူ  (၀.၂) ရာခိုင်နှုန်းနှင့် မည်သည့်ဘာသာမျှ မကိုးကွယ်သူ (၀.၁) ရာခိုင်နှုန်းရှိကြောင်း ယနေ့ထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။

          “ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍လည်း ဖုံးကွယ်ထိမ်ချန်ထားမယ်ဆိုရင် တချို့က ပုံကြီးချဲ့ပြီး ကောလဟာလတွေ ထုတ်ပြန်မှုတွေ ရှိလာနိုင်တယ်။ ဒီတော့ ပြည်သူတွေကြားမှာ ထင်ယောင်ထင်မှား မဖြစ်စေဖို့ ထုတ်ပြန်တာဖြစ်ပြီး အရှိအတိုင်းဖြစ်တဲ့ အတွက် စိုးရိမ်ပူပန်ဖို့ မလိုပါဘူး။ အစိုးရအနေနဲ့ နှစ်ခုစလုံးလက်ခံနိုင်တဲ့ အခြေအနေတွေကို စဉ်းစားလုပ်ဆောင်နေပါတယ်။ ဒေသမှာရှိတဲ့ ပြည်သူတွေ သဟဇာတဖြစ်ဖို့၊ ဒီဒေသမှာရှိတဲ့ ပြည်သူတွေအချင်းချင်း ကူးလူးဆက်ဆံမှသာ ဖွံ့ဖြိုးရေးနဲ့ ရေရှည်မှာ တည်ငြိမ်အေးချမ်းတဲ့ အသိုက်အဝန်းတစ်ခုကို တည်ထောင်နိုင်မယ်လို့ အစိုးရအနေနဲ့ ယုံကြည်ပြီး ကြိုးစားဆောင်ရွက်နေပါတယ်” ဟု ပြည်ထောင်စု ဝန်ကြီးကပြောသည်။

          ယခု သန်းခေါင်စာရင်း ကောက်ယူခြင်းသည် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းကောက်ယူပြီးနောက်ပိုင်း နှစ်ပေါင်း သုံးဆယ်ကျော်ကြာမှ ပထမဆုံးအကြိမ် ပြန်လည်ကောက်ယူခြင်းဖြစ်သည်။ သန်းခေါင်စာရင်းကောက်ယူရခြင်း၏ ရည်ရွယ်ချက်မှာ လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ အချက်အလက်များ၊ အိမ်အကြောင်းအရာနှင့် အိမ်ထောင်စုအကြောင်းအရာများကို နိုင်ငံတော်အစိုးရနှင့် အချက်အလက်အသုံးပြုသူများအားလုံးကို ပံ့ပိုးပေးနိုင်ရန်၊ အုပ်ချုပ်နယ်ပယ်အဆင့်အားလုံးရှိ အချက်အလက်များကို ဖော်ထုတ်ခြင်းဖြင့် အထောက်အထားပေါ် အခြေခံသော ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် လည်းကောင်း၊ လူမှုစီးပွားရေးဆိုင်ရာ မူဝါဒများနှင့် အစီအစဉ်များ၏ အကျိုးသက်ရောက်မှုများကို ဆန်းစစ်ရာတွင် လညး်ကောင်း၊ အခြေခံအချက်အလက်များကို ပံ့ပိုးပေးနိုင်ရန်ဖြစ်ကြောင်းသိရသည်။

သတင်း - ဇင်ဦး (မြန်မာ့အလင်း)