
၂၀၁၆ခုနှစ်၊ စက်တင်ဘာ ၂ရရက်
သင်္ဂဟဟိုတယ်၊ နေပြည်တော်
၂၀၁၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအချက်အလက်များကို အသုံးပြုုပြီး ဘာသာရပ်ဆိုင်ရာပညာရှင်များမှ သုတေသနပြု ရေးသားထားသော အသေးစိတ်သုတေသနစာတမ်းများကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်သူ့အင်အားဦးစီးဌာနမှ ထုတ်ပြန်သွားမည်ဖြစ်ပါသည်။ ပထမအဆင့်သုတေသနစာတမ်းများဖြစ်သော မွေးဖွားခြင်းနှင့် လက်ထပ် ထိမ်းမြားခြင်း၊ သေဆုံးခြင်းနှင့်သားဖွားမိခင်သေဆုံးခြင်းဆိုင်ရာ အသေးစိတ်သုတေသနစာတမ်းများ ထုတ်ပြန်ခြင်းအခမ်းအနားကို နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ၂၀၁၆ခုနှစ်၊ စက်တင်ဘာ ၂ရရက်တွင်
ကျင်းပသည်။ အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်မှ အဖွင့်အမှာစကားပြောကြားပါသည်။ထိုနောက် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေ အဖွဲ့မှ ဌာနေကိုယ်စားလှယ် Ms.Janet Jackson မှ နှုတ်ခွန်းဆက်စကားပြောကြားပါသည်။ ဆက်လက်ပြီး ထုတ်ပြန်သည့် သုတေသနစာတမ်းများဆိုင်ရာအချက်အလက်များကို သက်ဆိုင်ရာ ပညာရှင်များမှ ရှင်းလင်းတင်ပြပါသည်။
အခမ်းအနားသို့ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့့နှင့် ပြည်သူအင်အားဦးစီးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှဖိတ်ကြားထားသူများ၊ အချက်အလက်အသုံးပြုသူများ၊ ပြည်တွင်းပြည်ပမှ NGOs များ နှင့် သတင်းမီဒီယာများမှတာဝန်ရှိသူများ တက်ရောက်ကြပါသည်။ ပြည်သူအင်အားဦးစီးဌာနမှ ၂၀၁၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအချက်အလက်များကို အသုံးပြုုပြီး ဘာသာရပ်ဆိုင်ရာပညာရှင်များမှ သုတေသနပြု ရေးသားထားသော အသေးစိတ်သုတေသနစာတမ်း(၁၅)စောင်ထုတ်ပြန်သွားမည်ဖြစ်ပြီး ကျန်ရှိနေသော သုတေသနစာတမ်းများကို ဆက်လက်ထုတ်ပြန်ပေးသွား မည်ဖြစ်ပါသည်။




