ကျား မ အလိုက် ခွဲခြားလေ့လာခြင်း စာတမ်းထုတ်ပြန်ခြင်း

ကျား မ အလိုက် ခွဲခြားလေ့လာခြင်း စာတမ်းထုတ်ပြန်ခြင်း

နေပြည်တော်၊ သြဂုတ်လ ၂၃ ရက်

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းမှ ရရှိလာသော အချက်အလက်များကို အခြေခံ၍ ပြုစုထားသော ကျား မ အလိုက် ခွဲခြားလေ့လာခြင်း စာတမ်းတွင် မြန်မာနိုင်ငံ၌အမျိုးသမီးဦးရေ ပိုမိုများပြားလျက်ရှိပြီး အမျိုးသမီး (၁၀၀) ဦးတွင် အမျိုးသား (၉၃)ဦးရှိကြောင်းဖေါ်ပြထားပါသည်။ပြည်သူ့အင်အားဦးစီးဌာနမှ ယနေ့ထုတ်ပြန်ကြေညာသည့် ကျား/မ အလိုက်ခွဲခြားလေ့လာခြင်း စာတမ်းတွင် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ကောက်ယူရရှိသည့် အချက်အလက်များကို အသုံးပြု၍ ကျား၊ မ ရှုထောင့်ဆိုင်ရာ ဆန်းစစ်လေ့လာခြင်း၊ လူဦးရေဆိုင်ရာ ခြုံငုံသုံးသပ်ခြင်း၊ ပညာရေး၊ လုပ်သားအင်အား၊ မသန်စွမ်းမှု၊ အိမ်ထောင်စုနှင့် အိမ်အသုံးဆောင် ပစ္စည်းများ အစရှိသည့် ကဏ္ဍများကို ကျား၊ မ အလိုက် လေ့ လာသုံးသပ်တင်ပြထားပါသည်။ တိုင်းဒေသကြီး/ပြည်နယ်အားလုံးနီးပါးတွင် အမျိုးသမီးဦးရေ ပိုမို များပြားလျက်ရှိပြီး ကချင်ပြည်နယ် တစ်ခုတည်းတွင်သာ အမျိုးသားဦးရေ ပိုမိုများပြားကြောင်းဖေါ်ပြထားပါသည်။
အသက်အုပ်စုအလိုက် ခွဲခြားလေ့လာရာတွင် အသက်ကြီးလာသည်နှင့်အမျှ အမျိုးသမီးအချိုးပိုမို မြင့်မားလာသည်ကို တွေ့ရပါသည်။ေ လ့လာချက်အရ မြန်မာနိုင်ငံတွင် မိုဆိုးဖိုရာခိုင်နှုန်း(၃) ရာခိုင်နှုန်းသာရှိသော်လည်း မုဆိုးမရာခိုင်နှုန်း (၁၀)ရာခိုင်နှုန်းရှိကြောင်းတွေ့ရှိရပါသည်။ ဤသုုိ့ဖြစ်ရခြင်းမှာ အမျိုးသားများ၏မျှော်မှန်းသက်တမ်းနိမ့်ခြင်း၊ တစ်နည်းအားဖြင့် အမျိုးသားသေဆုံးနှုန်း မြင့်မားခြင်းကြောင့် ဖြစ်ကြောင်းဖေါ်ပြထားပါသည်။
ပညာရေးအခြေအနေကိုလေ့လာရာတွင် အခြေခံပညာအဆင့်တွင် ကျားမ ကွာခြားမှုမသိသာသော်လည်း ဘွဲ့ရနှင့် ဘွဲ့လွန်အဆင့်တွင် အမျိုးသမီးဦးရေပိုမိုများပြားသည်ကို တွေ့ရှိရပါသည်။ အမျိုးသမီးပညာတတ်အရေအတွက် များပြားသော်လည်း အမျိုးသမီးများ၏ (၄၈) ရာခိုင်နှုန်းသာ အလုပ်လုပ် ကိုင်ကြသည်ကို တွေ့ရှိရပါသည်။ဤစာတမ်းတွင် ပြုစုတင်ပြထားသည့် သတင်းအချက်အလက်များနှင့် အကြံပြုချက်များသည် မူဝါဒရေးဆွဲသူများနှင့် မြန်မာနိုင်ငံ၏ နေထိုင်မှုဘဝအခြေ အနေများ တိုးတက်ကောင်းမွန်လာစေရန် ဦးတည်သည့် စီမံကိန်းများအတွက် အထောက်အပံ့ဖြစ်သလို ကျား/မဆိုင်ရာသုတေသန လုပ်ငန်းဆောင်ရွက်သူများအတွက်လည်းများစွာ အထောက်အကူပြုနိုင်မည်ဖြစ်ပါ သည်။
ပြည်သူ့အင်အားဦးစီးဌာနသည် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းအစီရင်ခံစာများကို အတွဲလိုက်ထုတ်ပြန်ကြေညာခဲ့ရာ ပထမအဆင့်အနေဖြင့် ရှေ့ပြေး လူဦးရေစာရင်းကို ၂၀၁၄ ခုနှစ် သြဂုတ်လတွင်လည်းကောင်း၊ သန်းခေါင်စာရင်းပင်မ အစီရင်ခံစာများကို ၂၀၁၅ ခုနှစ် မေလတွင်လည်းကောင်း၊ အလုပ်အကိုင်နှင့်လုပ်ငန်း အစီရင်ခံစာကို ၂၀၁၆ ခုနှစ် မတ်လတွင်လည်းကောင်း၊ ကိုးကွယ်သည့်ဘာသာအစီရင်ခံစာကို ၂၀၁၆ ခုနှစ် ဇူလိုင်လတွင်လည်းကောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအချက်အလက်များကိုအခြေခံ၍ အသေးစိတ်် ဆန်းစစ်လေ့လာသည့် သုတေသနစာတမ်း (၁၃) စောင်နှင့် သန်းခေါင်စာရင်းရလဒ်မြေပုံများကို ဆက်လက်ပြုစုလျက်ရှိရာ မွေးဖွားခြင်းနှင့် လက်ထပ်ထိမ်းမြားခြင်း၊ သေဆုံးခြင်း၊ ကိုယ်ဝန်ဆောင် မိခင်သေဆုံးခြင်း၊ ရွှေ့ပြောင်းသွားလာခြင်းနှင့် မြို့ပြထွန်းကားလာခြင်း၊ လူဦးရေပြောင်းလဲခြင်း၊ လူဦးရေခန့်မှန်းခြင်း၊ လုပ်သားအင်အား ၊ ပညာရေးအကြောင်းအရာ၊ အိမ်ထောင်စု၊ အိမ်အကြောင်းအရာနှင့် အိမ်အသုံးအဆောင်ပစ္စည်းများ စာတမ်းများကို ထုတ်ပြန်ကြေညာခဲ့ပြီး ပြည်သူ့အင်အားဦးစီးဌာန၏ ဝက်ဘ်ဆိုဒ် www.dop.gov.mm တွင်လွှင့်တင် ထားပါသည်။