၂၀၁၄ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနား

၂၀၁၄ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနား

 ၂၀၁၄ခုနှစ် ကမ္ဘာ့လူဦးရေနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ ရိုင်ရယ်ကုမုဒြာဟိုတယ်၌ကျင်းပရာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ဖန်တီးရှင်များသည် လူငယ်များဖြစ်ပါကြောင်း၊ ယနေ့ လူငယ်များ ကြုံတွေ့နေရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများသည် နိုင်ငံများ၏အနာဂတ်ကို ခြိမ်းခြောက်လျက် ရှိပါကြောင်း၊ ယင်းစိန်ခေါ်မှုများကို ကူညီဖြေရှင်းပေးနိုင်ရန် လူငယ်အရေး အလေးပေးကာ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ပါ ဆိုသည့်ဆောင်ပုဒ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်ပါကြောင်း။

ယနေ့လူငယ်များကဏ္ဍတွင် ရင်းနှီးမြုပ်နှံရသည့် ရည်ရွယ်ချက်ကို ဆန်းစစ်ကြည့်လျှင် လူဦးရေဆိုင်ရာ အချက်အလက်များကို အခြေခံလေ့လာခြင်းဖြင့် သိရှိနိုင်ပါကြောင်း၊ ကမ္ဘာ့လူဦးရေ ခုနှစ်ဘီလီယံကျော်ရှိသည့်အနက် ၁ ဒသမ ၈ ဘီလီယံသည် အသက် ၁၀ နှစ် မှ ၂၄ နှစ် အတွင်းရှိသည့် လူငယ်များဖြစ်ကြပြီး ကမ္ဘာ့လူဦးရေ၏ လေးပုံတစ်ပုံရှိသည့်အတွက် လူ့သမိုင်းတစ်လျှောက် အကြီးမားဆုံးမျိုးဆက်ဖြစ်လာမည်ဖြစ်ပါကြောင်း။

အဆိုပါ မျိးဆက်များကိုပြုစုပျိုးထောင်ပေးခြင်းသည် နိုင်ငံ၏အနာဂတ်  လှပသာယာစေရန် ရင်းနှီးမြုပ်နှံခြင်းဖြစ်ပါကြောင်း၊ ၂၀၁၀ ပြည့်နှစ်စာရင်းများအရ အာရှဒေသတွင် လူငယ် ၂၈ ရာခိုင်နှုန်းကျော်ရှိပြီး အာဖရိကဒေသတွင် ၃၀ ရာခိုင်နှုန်းအထိရှိပါကြောင်း၊ အဆိုပါအချိုးအစားသည် လာမည့် ၂၅ နှစ် အတွင်းတွင် ကျဆင်းလာမည်ဟု လူဦးရေပညာရှင်များက ခန့်မှန်းထားကြသော်လည်း ဥရောပဒေသမှလွဲ၍ ကျန်ဒေသကြီးများတွင် ၂၀ ရာခိုင်နှုန်းအထက် ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး အာဖရိကဒေသတွင် ၂၀၃၅ ခုနှစ်အထိ လူငယ်အချိုးအစားသည် ၃၀ ရာခိုင်နှုန်းတွင် ဆက်လက်တည်ရှိနေမည် ဖြစ်ပါကြောင်း။

လူငယ်အရေအတွက် လျင်မြန်စွာတိုးပွားမှုဖြစ်စဉ်သည် အထူးသဖြင့်ဝင်ငွေနည်းသည့် နိုင်ငံများတွင် ဖြစ်ပေါ်လေ့ရှိပြီး ယင်းနိုင်ငံများ၏ ပညာရေးအဆင့်အတန်းသည် နိမ့်ကျသကဲ့သို့ ကျန်းမာရေးစောင့်ရှောင်မှုသည်လည်း အာနည်းလျက်ရှိပါကြောင်း၊ ထို့အတူ မျိုးစပ်ပွားကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများနှင့် အလုပ်အကိုင်၊ အခွင့်အလမ်းများ ရရှိရန်လည်းခဲယဉ်းပါကြောင်း၊ သို့သော် ယနေ့လူငယ်များသည် ယခင်မျိုးဆက်များ နှင့်နှိုင်းယှဉ်လျှင် ပိုမိုလွတ်လပ်ပြီး မိမိကိုယ်တိုင် ဆုံးဖြတ်ရွေးချယ်ပိုင်ခွင့်ရှိသည့် အခွင့်အလမ်းများ ပိုင်ဆိုင်နိုင်ကြပြီဖြစ်ပါကြောင်း။

ကမ္ဘာတစ်လွှား တွေ့ကြုံနေရသည့် လူငယ်ဆိုင်ရာ ပြဿနာရပ်များကို လေ့လာကြည့်လျှင် တစ်နေ့နှစ်ဒေါ်လာအောက် ဝင်ငွေရှိသည့်လူငယ် ၅၁၅ သန်းပါရှိကြောင်း၊ ထိုသန်းပေါင်းများစွာသောလူငယ်များသည် ကျား/မ ခွဲခြားဆက်ဆံမှု၊ မသန်စွမ်းမှုနှင့် အခြားအားနည်းချက်များကြောင့် ဆုံးရှုံးနစ်နာမှု နှင့်နိမ့်ကျမှုများ ကြုံတွေ့နေရပါကြောင်း။

ကမ္ဘာတစ်ဝန်း ကျောင်းနေအရွယ်ဆယ်ကျော်သက် ၆၉ သန်းခန့်သည် ကျောင်းပြင်ပတွင်ရောက်ရှိနေပါကြောင်း၊ ဆာဟာရအောက်ပိုင်း အာဖရိက၊ တောင်အာရှနှင့် အနောက်အာရှများတွင် ကျောင်းထွက်နှုန်း အမြင့်ဆုံးဖြစ်နေသည်ကို စာရင်းဇယားများက ပြဆိုလျက်ရှိ ကြောင်း။

ဖွံဖြိုးမှုအနည်းဆုံးနိုင်ငံများတွင် ယောက်ကျားလေး လေးပုံတစ်ပုံနှင့် မိန်းခလေး သုံးပုံတစ်ပုံခန့်သည် စာတတ်မြောက်ခြင်းမရှိသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင် ယင်းကဲ့သို့အဖြစ်မျိုး ရှောင်ရှားနိုင်စေရန် နိုင်ငံတော်အစိုးရအနေဖြင့် အခမဲ့မူလတန်းသင်ပညာရေးစနစ် ချမှတ်ခဲ့ပြီး ယခုနှစ်တွင်လည်း အခမဲ့ပညာသင်ကြားခွင့်စနစ်ကို ထပ်မံပြောင်းလဲသတ်မှတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း။

ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍လည်း အမျိုးသမီးငယ် ၁၀ ရာခိုင်နှုန်းခန့်သည် အသက် ၁၅ နှစ်မပြည့်ခင်တွင် ဆန္ဒမရှိပဲကိုယ်ဝန်ရရှိနေကြပြီး အသက် ၁၅ နှစ်မှ ၁၉ နှစ်အတွင်းရှိ အမျိုး သမီးငယ် ၁၅ သန်းခန့်သည် နှစ်စဉ် ကလေးမွေးဖွားလျက်ရှိကြောင်းနှင့် အသက် ၁၀ နှစ်နှင့် ၁၉ နှစ်ကြား ဆယ်ကျော်သက်အရွယ် နှစ်သန်းကျော်သည် အိတ်ချ်အိုင်ဗွီပိုး ကူးစက်ခံနေကြရပါကြောင်း၊ ယင်းအခြေအနေများသည် နိုင်ငံများ၏အနာဂတ်ကို ခြိမ်းခြောက်လျက်ရှိသောကြောင့် လူငယ်များ၏အန္တရာယ်များသည့် အပြုအမူအလေ့အထများကို ပညာပေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများဖြင့် ပြုပြင်ကြရမည်ဖြစ်ကြောင်း။

၂၀၁၃ ခုနှစ် စာရင်းများအရ ကမ္ဘာပေါ်တွင် အလုပ်လက်မဲ့ ၂၀၂ သန်းခန့်ရှိသည့်အနက် ၇၄ ဒသမ  ၅ သန်းသည် အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်းရှိ လူငယ်များဖြစ်သည့်အတွက် လူငယ်များ အလုပ်လက်မဲ့ရာခိုင်နှုန်းသည် အရွယ်ရောက်ပြီးသူများထက် သုံးဆခန့် ပိုမိုမြင့်မားနေကြောင်း။

မြန်မာနိုင်ငံတွင် အသက် ၁၀ နှစ် မှ ၂၄ နှစ်အထိ လူငယ်လူဦးရေသည် စုစုပေါင်းနိုင်ငံလူဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့်ရှိနေသည့်အတွက် လူငယ်များ၏ အခက်အခဲများနှင့် စိန်ခေါ်မှုများကို ကူညီဖြေရှင်းပေးခြင်းသည် အနာဂတ်အတွက် ကောင်းမွန်သည့်ရင်းနှီးမြုပ်နှံမှု ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံသည် ကလေးသူငယ်များဆိုင်ရာ ကုလသမ္မဂသဘောတူစာချုပ်ကို ၁၉၉၀ ပြည့်နှစ်ကတည်းက လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သောကြောင့် စာချုပ်ပါအခွင့်အရေးလေးရပ်ဖြစ်သည့် အသက်ရှင်ခွင့်ရရှိရေး၊ ဖွံဖြိုးတိုးတက်ခွင့်ရရှိရေး၊ ကာကွယ်စောင့်ရှောက် ခွင့်ရရှိရေးနှင့် လူ့အဖွဲ့အစည်းအတွင်း ပါဝင်ဆောင်ရွက်ခွင့်ရရှိရေးကိုပါ ထည့်သွင်းရင်းနှီးမြုပ်နှံပေးရမည်ဖြစ်ပါကြောင်း။

ယခုနှစ် ကမ္ဘာ့လူဦးရေနေ့ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံ၏ လူငယ်လူရွယ်များကဏ္ဍတွင် ရင်းနှီးမြုပ်နှံပေးခြင်းဖြင့် ပိုမိုကောင်းမွန်သည့် ကမ္ဘာကြီးကိုတည်ဆောက်နိုင်စေရန် ဆယ်ကျော်သက်အရွယ်မှ လူကြီးဖြစ်သည်အထိ ဘဝကိုကျန်းမာလုံခြုံပြီး အောင်မြင်စွာ ဖြတ်သန်းသွားနိုင်စေရေး၊ အရည်အသွေးပြည့်ဝသည့် အသိပညာအတတ်ပညာကျွမ်းကျင်မှုပညာနှင့် အလုပ်အကိုင်၊ အခွင့်အလမ်းရရှိစေရေး၊ အမျိုးသမီးငယ်များကို မူလတန်း ပညာနှင့် အဆုံးမသတ်စေပဲ အလယ်တန်းနှင့် အထက်တန်းပညာများ ဆက်လက်သင်ကြားခွင့်ရရှိစေရေးနှင့် လူငယ်များ၏ဘဝကို အကျိုးသက်ရောက် စေမည့်ဆုံးဖြစ်ဆောင်ရွက်ချက်များတွင် ၎င်းတို့ကိုယ်တိုင်ပါဝင်ဆုံးဖြတ်နိုင်မည့် အခွင့်အရေးများရရှိစေရေးတို့အတွက် အကောင်အထည်ဖော်ဆောင်ရွက် နိုင်စေရန် နိုင်ငံတော်အစိုးရနှင့်အတူ မိသားစုဝင်များအပြင် သက်ဆိုင်သူများအားလုံးက တက်ညီလက်ညီ ပူပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမ္မဂလူဦးရေရန်ပုံငွေအဖွဲ့ကိုယ်စားလှယ် မစ္စဂျဲနက်ဂျက်ဆွန်က ကုလသမ္မဂလူဦးရေရန်ပုံငွေအဖွဲ့၏ ဆောင်ရွက်ချက်များကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားမှုးချုပ် ဦးအောင်ထွန်းခိုင်က ၂၀၁၄ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ဆောင်ပုဒ် ဖြစ်သည့် လူငယ်အရေး အလေးပေးကာ ရင်းနှီးမြုပ်နှံဆောင်ရွက်ပါခေါင်းစဉ်နှင့် ပက်သတ်၍လည်းကောင်း ရှင်းလင်းတင်ပြကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။