၂၀၁၆ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနား

၂၀၁၆ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနား

          ၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ ၌ အသက် ၁၀ နှစ်မှ ၁၉ နှစ်အတွင်း အမျိုးသမီးငယ် စုစုပေါင်းငါးသန်းခန့်ရှိနေကြောင်း အဆိုပါ အမျိုးသမီးငယ်များ၏ အခက်အခဲနှင့် စိန်ခေါ်မှုများကို ကူညီဖြေရှင်းပေးခြင်း သည် မြန်မာနိုင်ငံအနာဂတ်အတွက် ကောင်းမွန်သည့် ရင်းနှီးမြုပ်နှံမှုဟု ဆိုရမည် ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည့်၂၀၁၆ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားခဲ့သည်။

          ထို့ပြင် ဒုတိယသမ္မတက ယနေ့ ဆယ်ကျော်သက်များ ကြုံတွေ့နေရသည့် အခက် အခဲများ၊ စိန်ခေါ်မှုများသည် ကမ္ဘာကြီး၏ အနာဂတ်ကို ခြိမ်းခြောက်နေကြောင်း၊ အထူးသဖြင့် ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်များသည် သက်တူရွယ်တူ ယောက်ျားလေးများထက်ပိုပြီး စိန်ခေါ်မှုများကို ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ နိုင်ငံ အများစုတွင် အပျိုဖော်ဝင်စ မိန်းကလေးများကို အိမ်ထောင်ပြုရန်၊ ကိုယ်ဝန်ဆောင်ရန်၊ ကလေးမွေးရန် အချိန်တန်ပြီဟု ၎င်းတို့၏ မိသားစုနှင့် ပတ်ဝန်းကျင်က ယူဆလေ့ရှိ ကြောင်း၊ ထို့ကြောင့် မိန်းကလေးငယ်များအတွက် မလိုလားအပ်သည့် ဝေဒနာကို ခံစားရ နိုင်ပြီး ငယ်စဉ်ဘဝလွတ်လပ်သည့် အခွင့်အရေးများကို ဆုံးရှုံးစေနိုင်ကြောင်း ပြောကြား သည်။

          ဆက်လက်၍ ဆယ်ကျော်သက် အရွယ် အမျိုးသမီးငယ်များနှင့် စပ်လျဉ်း၍ ရင်းနှီး မြုပ်နှံရာတွင် ၎င်းတို့၏ ပညာသင်ကြားခွင့်၊ အလုပ်အကိုင်နှင့် အခွင့်အလမ်းဖန်တီး ပေးနိုင်မှု၊ ကျန်းမာရေးဝန်ဆောင်မှုနှင့် လူမှုဖူလုံရေးစောင့်ရှောက်မှုများ ပါဝင်ရန် လိုအပ်ကြောင်း ယနေ့ ကမ္ဘာ့လူဦးရေ ၇ ဒသမ ၄ ဘီလီယံရှိသည့်အနက် ၁ ဒသမ ၂ ဘီလီ ယံမှာ ဆယ်ကျော်သက်လူငယ်များ ဖြစ်ကြပြီး အမျိုးသမီးငယ် အရေအတွက်မှာ သန်း ၆၈၀ ခန့် ပါဝင်နေကြောင်း ဒုတိယသမ္မတက ပြောကြားသည်။

          ထို့ပြင် ဒုတိယသမ္မတက ဆယ်ကျော်သက်အရေအတွက် လျင်မြန်စွာ တိုးပွားမှု ဖြစ်စဉ်သည် အထူးသဖြင့် ဝင်ငွေနည်းသည့် နိုင်ငံများတွင် ဖြစ်ပေါ်လေ့ရှိကြောင်း၊ ၂၀၁၅ ခုနှစ် စာရင်းများအရ ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်များ အရေအတွက်သည် ကမ္ဘာပေါ်တွင် သန်း ၆၈၀ ခန့်ရှိပြီး သန်း ၅၀၀ ကျော်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖြစ်ကြောင်း ယင်းနိုင်ငံများသည် ပညာရေးအဆင့်အတန်း နိမ့်ကျသကဲ့သို့ ကျန်းမာရေးစောင့်ရှောက် မှု အားနည်းသည့် နိုင်ငံများဖြစ်ကြောင်း၊ မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှုများ ရနိုင်ရန် ခဲယဉ်းပြီး အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသည့် နိုင်ငံများလည်း ဖြစ်ကြောင်း၊ သို့ဖြစ်၍ ဖွံ့ဖြိုးဆဲနိုင်ငံများသည် ဆယ်ကျော်သက်များအတွက် ပိုမိုအလေး ထားဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

          ဆက်လက်၍ ဆယ်ကျော်သက် အရွယ် အမျိုးသမီးငယ်လူဦးရေ များပြားနေသည့် နိုင်ငံများ၌ ၎င်းတို့၏ ဘဝကို မြှင့်တင်ပေး၍ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေး နိုင်သည့် ပညာရေးအစီအစဉ်များနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်များတွင်  မူဝါဒများချမှတ်၍ ရင်းနှီးမြှပ်နှံရန် အလွန်ပင်အရေးကြီးကြောင်း၊ ယင်းနိုင်ငံများတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေ၍ လူဉီးရေဆုလာဘ် ရရှိနေသည်ကို လည်း သတိပြုမိရန်လိုအပ်ကြောင်း၊ လူဦးရေဆုလာဘ်ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံရှိ အလုပ်လုပ်နိုင်သူက မှီခိုသူအရေအတွက်ထက် များပြားနေသည့် အခြေအနေမျိုးမှာသာ ဖြစ်ပေါ်လေ့ရှိကြောင်း၊ လူဉီးရေဆုလာဘ်ကို အကောင်းဆုံးအသုံးပြုနိုင်ရန်ဆိုသည်မှာ စွမ်းဆောင်ရည်၊ ပညာရေး၊ အလုပ်အကိုင်၊ အခွင့်အလမ်း၊ ကုန်ထုတ်အရင်းအမြစ်များ တွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် စုဆောင်းခြင်းအပေါ် များစွာ မူတည်နေသည်ကို တွေ့ရမည် ဖြစ်ကြောင်း။

          ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ်များ အရွယ်မတိုင်မီ စောစီးစွာ အိမ်ထောင် ပြုခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးမွေးဖွားခြင်းတို့ကြောင့် နောက်ဆက်တွဲ ဆိုးကျိုး များ ဖြစ်သည့် သွေးအားနည်းခြင်း၊ လမစေ့မီ မီးဖွားခြင်း၊ အလိုအလျောက် သားပျက် သားလျှောခြင်းနှင့် အသေမွေးဖွားခြင်း၊ မိခင်နှင့် ကလေးသေဆုံးမှုများခြင်း၊ အာဟာရ ချို့တဲ့မှု စသည့် ကျန်းမာရေးဆိုးကျိုးများကိုလည်း ခံစားရနိုင်သည့်အတွက် ယခု ပြဿနာ များကို ဖြေရှင်းနိုင်ရေး အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဒုတိယသမ္မတက ပြောကြားခဲ့သည်။

          ထို့နောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအချက်အလက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာတွင် လူဦး ရေ ဆုလာဘ်ရရှိနေသည့်အချိန်တွင် အမှန်တကယ် ဖွံ့ဖြိုးတိုးတက်မှုများရရှိရန်အတွက် အစိုး ရများအနေဖြင့် အခြေအနေနှင့် ကိုက်ညီသည့်မူဝါဒများချမှတ်၍ အရေးကြီးသည့် ကဏ္ဍ များတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် လိုအပ်ပါကြောင်း။

          နိုင်ငံခြားသို့ ရောက်ရှိနေသူအားလုံး၏ ၈၃ ရာခိုင်နှုန်းမှာ အသက် ၁၅ နှစ်မှ ၃၉ နှစ် အတွင်းရှိ လူငယ်လူရွယ်များဖြစ်ပြီး အမျိုးသမီး ၄၀ ရာခိုင်နှုန်းပါဝင်သည်ကို တွေ့ရ ကြောင်း၊ အမျိုးသမီးငယ်များ တစ်ဖက်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့်အတွက် လူကုန်ကူးပညာပေး ကာကွယ်တားဆီးမှုများ၊ မျိုးဆက်ပွားကျန်းမာရေးအသိပညာပေး အစီအစဉ်များကို လူငယ်များအကြား ပျံ့နှံ့နေရန် အရှိန်မြှင့်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

          ဆက်လက်၍ အမျိုးသမီးငယ်များ၏ ပညာရေးရင်းနှီးမြှုပ်နှံခြင်းသည် ရေရှည် စီးပွားရေးအတွက်ဖြစ်ကြောင်း၊ လူငယ်များ၏ ပညာရေးကို မြှင့်တင်ခြင်းဖြင့် ကျွမ်း ကျင်သည့် လုပ်သားအင်အားစုကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ အမျိုးသားရေး လှုပ် ရှားမှုအသွင်ဖြင့် တစ်နိုင်ငံလုံးတွင် တစ်ချိန်တည်း တစ်ပြိုင်တည်း ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းမှ တိကျမှန်ကန်သည့် အချက်အလက်များကို ဖော်ထုတ်နိုင်ပြီ ဖြစ် ကြောင်း၊ သို့ဖြစ်၍ ယင်းအချက်အလက်များကို အသုံးပြုပြီး လူဦးရေဆုလာဘ်၏ အသီး အပွင့်များကို ရယူခံစားနိုင်ရန် ဆယ်ကျော်သက် အမျိုးသမီးများအတွက် ရင်းနှီးမြှပ်နှံ မှုများ ဆောင်ရွက်ရန် လိုအပ်ကြောင်းဖြင့် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

          ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေ အဖွဲ့ဌာနေကိုယ် စားလှယ် Ms. Janet E. Jackson က အမှာစကားပြောကြားပြီး “Investing in Teenage Girls” နှင့် ပတ်သက်သည့်  Animation Video Clip ကို ပြသသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ၂၀၁၆ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် ဖိတ်ခေါ်စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ နှင့် အထူးဆု ရရှိကြသူများအား ဆုများပေးအပ် ချီးမြှင့်သည်။

          ထို့နောက် ဒုတိယသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများက ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများအား လှည့်လည်ကြည့်ရှုကြသည်။

          ၂၀၁၆ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်မှာ “ဆယ်ကျော်သက် အမျိုးသမီးများ ဘဝမြှင့်တင်ရေး၊ ရင်းနှီးမြှပ်နှံပံ့ပိုးပေး” ဖြစ်သည်။