ဒုတိယသမ္မတ ဦးမြင့်ဆွေ ၂၀၁၈ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
နေပြည်တော် ဇူလိုင် ၁၁
၂၀၁၈ ခုနှစ် ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည် တော်ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အဖွင့် အမှာစကားပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ် ချုပ်ကြီးရဲအောင်၊ ဒေါက်တာဖေမြင့်၊ သူရဦးအောင်ကို၊ ဦးသိန်းဆွေ၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဌ ဒေါက်တာဝင်းသိမ်း၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာနိုင်ငံခြား သံအမတ်ကြီးများနှင့်သံတမန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သူနာပြုနှင့် သားဖွားဆရာမများ၊ ကျောင်းသူကျောင်းသားများ၊ ကုလသမဂ္ဂအဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များ၊ INGOs, NGOs များ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများတက် ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယသမ္မတက ကမ္ဘာ့လူဦးရေသန်း ၅၀၀၀ ပြည့်သည့် ၁၉၈၇ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ကို ကုလသမဂ္ဂက ကမ္ဘာ့လူဦးရေနေ့အဖြစ် ၁၉၈၉ ခုနှစ်တွင် စတင်သတ်မှတ်ခဲ့ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင် အရေးတကြီးဖြေရှင်းရမည့် လူဦးရေဆိုင်ရာ ပြဿနာများကို အာရုံစိုက် မိလာစေရန်အတွက် ၁၉၉၀ ပြည့်နှစ်ကစ၍ “ ကမ္ဘာ့လူဦးရေနေ့ အခမ်းအနား”ကို နှစ်စဉ် ကျင်းပခဲ့ကြခြင်းဖြစ်ပါကြောင်း၊ ယခုနှစ် ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်မှာ “လူ့အခွင့်အရေးအခြေခံ လို့မိသားစုစီမံကိန်းဖော်ဆောင်စို့” ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့်လည်း အရေးကြီးသည့် ယခုကဲ့သို့ အထိမ်းအမှတ်နေ့အခမ်းအနားများကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပါကြောင်း။
မိသားစုစီမံကိန်းဖော်ဆောင်ခြင်းအားဖြင့် လိုချင်သည့် ကလေးအရေအတွက်ကို ရယူနိုင်မည်ဖြစ်ပြီး သားဆက်ခြားကာလကိုလည်း ဆုံးဖြတ်နိုင်မည် ဖြစ်ပါကြောင်း၊ မိသားစုစီမံကိန်းကို လက်လှမ်းမီ ရယူနိုင်မည်ဆိုပါက သားဖွားမိခင်သေဆုံးမှုကို ၃၀ ရာခိုင်နှုန်းထိ လျော့ချနိုင်မည်ဖြစ်ပြီး အသက်ငါး နှစ်အောက်သေဆုံးမှုကိုလည်း ၂၁ ရာခိုင်နှုန်းထိ လျော့ချနိုင်မည်ဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ ဒေသအတွင်းတွင် သားဖွားမိခင်သေဆုံးမှုနှုန်း အမြင့်ဆုံးနိုင်ငံများထဲတွင် ပါဝင်နေပြီး ကလေးအရှင် တစ်သိန်းမွေးဖွားတိုင်း မိခင် ၂၈၂ ဦး သေဆုံးလျက်ရှိကြောင်းနှင့်နှစ်စဉ်မြန်မာနိုင်ငံတွင် မိခင် ၂၇၀၀ ခန့်သည် ကိုယ်ဝန်ဆောင်စဉ်နှင့် ကလေးမွေးဖွားစဉ်တွင် သေဆုံးနေသည်ဟု စာရင်းများအရ သိရှိရပါကြောင်း၊ သားဖွားမိခင်သေဆုံးမှုအရေအတွက်တွင် သားပျက်/သားလျှော ခြင်းကြောင့် သေဆုံးမှုရာခိုင်နှုန်းမှာ ကိုယ်ဝန်ဆောင်မိခင်များ သေဆုံးနှုန်း၏ ၁၂ ရာခိုင်နှုန်းရှိပြီး မိခင်သေဆုံးရခြင်း အကြောင်းအရင်းများတွင် သားပျက်/သားလျှောခြင်းကြောင့် သေဆုံးမှုမှာ တတိယအများဆုံးဖြစ်သည်ဟု သိရှိရပါကြောင်း၊ အသက် ၁၅ နှစ်မှ ၁၉ နှစ်အတွင်း အမျိုးသမီးငယ်များသည် သားပျက်/ သားလျှောနှုန်း အမြင့်ဆုံးကြုံတွေ့နေရပြီး မိခင်နှင့်မွေးကင်စကလေးသေဆုံးမှုများ၊ နာမကျန်းဖြစ်မှု များကို လျှော့ချနိုင်ရန်အတွက် မိခင်နှင့်ကလေးစောင့်ရှောက်မှုနှင့် အသိပညာပေး လုပ်ငန်းအစီအစဉ် များကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန် လိုအပ်ပြီး ယင်းနှင့်တိုက်ရိုက်ဆက်စပ်နေသည့် မိသားစုစီမံကိန်းနှင့် မျိုးဆက်ပွားကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာလုပ်ငန်းများ အရည်အသွေးပိုမို ကောင်းမွန်အောင်နှင့် လူတိုင်းလက်လှမ်းမီအောင် ဆောင်ရွက်ပေးရန်လည်းလိုအပ်ပါကြောင်း။
ကုလသမဂ္ဂ၏ ခန့်မှန်းတွက်ချက်မှုအရ ယနေ့ကမ္ဘာ့လူဦးရေသည် ၇ ဒဿမ ၆ ဘီလီယံခန့် ရှိနေပြီဖြစ်ပါကြောင်း၊ ခရစ်နှစ် ၂၀၃၀ တွင် နောက်ထပ် ၁ ဘီလီယံ တိုးလာပြီး ခရစ်နှစ် ၂၁၀၀ တွင် ၄ ဘီလီယံ ထပ်မံတိုးလာမည်ဟု ခန့်မှန်းထားကြပါကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင် ကလေးမွေးဖွားနှုန်း မြင့်မားနေပြီး ကလေးမွေးဖွားနှုန်းမြင့်မားခြင်းသည် ဆင်းရဲနွမ်းပါးမှုနှင့်ဆက်စပ်နေပါကြောင်း၊ ယနေ့ကာလတွင် လူဦးရေတိုးနှုန်းကို လျော့ချရန် နည်းလမ်းများစွာရှိနေသည်အထဲမှ အထိရောက်ဆုံးနည်းလမ်းတစ်ခုမှာ “မိသားစုစီမံကိန်းနည်းလမ်းများ” ကို ထိထိရောက်ရောက် အသုံးချနိုင်စေရန် ပံ့ပိုးပေးခြင်းဖြစ်ပါကြောင်း။
၂၀၁၅ ခုနှစ်တွင် ကောက်ယူခဲ့သည့် မြန်မာနိုင်ငံလူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံ အချက်အလက်စစ်တမ်းအရ အိမ်ထောင်သည်အမျိုးသမီး ၅၂ ရာခိုင်နှုန်းသည် မိသားစုစီမံကိန်း နည်းလမ်းများကို အသုံးပြုလျက်ရှိပါကြောင်း၊ အဆိုပါ ၅၂ ရာခိုင်နှုန်းအနက် ခေတ်မီနည်းလမ်း များကို အသုံးပြုမှုမှာ ၅၁ ရာခိုင်နှုန်း ရှိပြီး ၁ ရာခိုင်နှုန်းမှာ မိရိုးဖလာ နည်းလမ်းကိုသာအသုံးပြု နေသည်ဟု သိရှိရပါကြောင်း၊ သို့သော် မျိုးဆက်ပွားနိုင်သည့် အသက်အရွယ်အတွင်းတွင် ရှိသည့် အိမ်ထောင်သည်အမျိုးသမီး ၁၆ ရာခိုင်နှုန်းမှာ ခေတ်မီသားဆက်ခြားနည်းလမ်းများ သုံးချင်သော် လည်းအသုံးပြုနိုင်မှုမရှိခြင်း၊ အိမ်ထောင်သည်အမျိုးသမီး ၅ ရာခိုင်နှုန်းမှာ ကလေးတစ်ဦးနှင့်တစ်ဦးအကြား အချိန်အတိုင်းအတာတစ်ခုခြားလိုခြင်း၊ အိမ်ထောင်သည်အမျိုးသမီး ၁၁ ရာခိုင်နှုန်းမှာ မွေးဖွားမှုကိုကန့်သတ်လိုခြင်း စသည့်စိန်ခေါ်မှုများစွာ ရှိနေသည်ကိုလည်း သိရှိရပါကြောင်း။
မိသားစုစီမံကိန်းဖော်ဆောင်ခြင်းဖြင့်လူမှုရေးနှင့်စီပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို အထောက်အပံ့ဖြစ်စေပြီး အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးများ၏ လူမှုဘဝကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ မိသားစုစီမံကိန်းများ ဖော်ဆောင်မည်ဆိုပါက သားဖွားမိခင်များ၊ မွေးကင်းစ ကလေးငယ်များနှင့် ကလေးများအချိန်မတိုင်မီ သေဆုံးမှုကိုကာကွယ်ပေးခြင်း၊ နာမကျန်းမှုနှင့် မသန်စွမ်းမှုအခြေအနေများကို ကာကွယ်ပေးခြင်း၊ လုပ်သားအင်အားစုတွင် အမျိုးသမီးများပိုမိုပါဝင် လာစေခြင်းမှတစ်ဆင့် ဆင်းရဲနွမ်းပါးမှုကို လျော့ချပေးခြင်း၊ ကလေးများတွင် အဟာရဖွံ့ဖြိုးမှုဆိုင်ရာ ရလဒ်ကောင်းများဖြစ်ထွန်းစေခြင်း၊ စာသင်ကြားခွင့်ပိုမိုရရှိစေခြင်းဖြင့် ပညာတတ်ကလေးငယ်များ ပိုမိုများပြားလာစေခြင်း၊ ပိုမိုကျန်းမာပျော်ရွှင်သည့် မိသားစုအခြေအနေများ ဖန်တီးပေးနိုင်ခြင်း၊ မိခင်နှင့် ကလေးကျန်းမာရေးစောင့်ရှောက် ကုန်ကျစရိတ်များနှင့် အခြားဆက်စပ်စရိတ်များ လျော့ချနိုင်ခြင်းနှင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်မြှင့်တင်ရေးတို့တွင် အထောက်အပံ့ပေးနိုင်မည်ဖြစ်ပါကြောင်း။
ထို့ပြင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (၃) အရ ခရစ်နှစ် ၂၀၃၀ ပြည့်နှစ်မှာ မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုများကို လူတိုင်းလက်လှမ်းမီရရှိစေရေး၊ မိသားစုစီမံကိန်း ဆိုင်ရာ သတင်းအချက်အလက်များ ရရှိစေရေးနှင့် ပညာပြန့်ပွားရေး၊ အမျိုးသားအဆင့်မဟာဗျူဟာများ အစီအစဉ်များချမှတ်ရာတွင် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာအကြောင်းအရာများပါဝင်ရေး စသည်တို့ရရှိစေရန်အတွက် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ထိပ်သီးအစည်းအဝေးတွင် သဘောတူညီခဲ့ကြပြီး ဖြစ်ပါကြောင်း။
ယခုကဲ့သို့ အခမ်းအနားမျိုး ကျင်းပရသည့်အတွက် မိသားစုစီမံကိန်း၏ အရေးပါမှုများကို သတိပြုမိလာစေပြီး အဆောတလျင် ဆောင်ရွက်သွားရမည့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကထိကဝတ်များကို ပြန်လည်အမှတ်ရစေနိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် လူတစ်ဦးချင်းစီနှင့် ဇနီးမောင်နှံများတွင် မိသားစုအရွယ်အစား ဆုံးဖြတ်ရန်အတွက်အခွင့်အရေးရှိပြီး အဆိုပါအခွင့် အရေးမှာသားဖွားမိခင်များသေဆုံးမှုနှင့် နာမကျန်းဖြစ်မှုများကို လျော့ချရန် အတွက်အရေးကြီးသည့် အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါကြောင်း။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့နှင့်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ မိသားစုစီမံကိန်း မြှင့်တင်ခြင်း၊ သားဆက်ခြားဆေးဝါးများ ဖြန့်ဝေခြင်း၊ ပညာပေးဆွေးနွေးခြင်းနှင့် မိသားစုစီမံကိန်းဆိုင်ရာ ဝန်ဆောင်မှုများပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး စေတနာဝန်ထမ်းများကလည်း လူထုအခြေပြုအသိပညာပေးလှုပ်ရှားမှုများ နှင့်ဝန်ဆောင်မှုရရှိနိုင်သည့်နေရာများကို လမ်းညွှန်ပေးမှုများ ဆောင်ရွက်ပေးနေသည်ကို သိရှိရပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးကို အခြေခံသည့် မိသားစုစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံခြင်း၏ အရေးပါးမှုကို မီးမောင်းထိုးပြနိုင်ရန်အတွက် နိုင်ငံတကာအသိုက်အဝန်းနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပြီး လူဦးရေဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန် ကြိုးပမ်းအားထုတ်မှုများတွင် အစိုးရနှင့်အတူ ပြည်တွင်းပြည်ပမှဆက်စပ်အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ကူညီလာစေရေးအတွက် လည်းဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက “Family Planning is a Human Right” “လူ့အခွင့်အရေးအခြေခံလို့ မိသားစုစီမံကိန်းဖော်ဆောင်စို့” ဆောင်ပုဒ်နှင့် စပ်လျဉ်းသည့် အချက်အလက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့မှ ခေတ္တဌာနေကိုယ်စားလှယ် Ms.Kaori Ishikawa က ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်၊ ထို့နောက်မိသားစုစီမံကိန်းနှင့်ပတ်သက်သည့် ဗီဒီယိုနှင့် ၂၀၁၈ ခုနှစ်၊ ကမ္ဘာ့လူဦးရေနေ့ဆောင်ပုဒ်ဖြစ်သည့် “လူ့အခွင့်အရေးအခြေခံလို့ မိသားစုစီမံကိန်း ဖော်ဆောင်စို့” “Family Planning is a Human Right” ဆောင်ပုဒ်နှင့်ပတ်သက်သည့် Animation Video Cilp တို့ကို ပြသကြသည်။
အခမ်းအနားအပြီးတွင် ဧည်သည်တော်များသည် ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်ပြခန်းငယ်များကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်၊၊